မန်ချက်စတာယူနိုက်တက် ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းကတော့ ဘောလုံးသမားဘဝအတွင်း ရင်ဆိုင်တွေ့ဆုံခဲ့ရတဲ့ ပြိုင်ဘက်ကစားသမား အများအပြားအနက်သူ့အတွက် အလွန်ကို ခက်ခဲလွန်းခဲ့ရတဲ့ ခံစစ်အစုအဖွဲ့တစ်ခုက အေစီမီလန်အသင်းရဲ့ အမာကြောဆုံး ခံစစ်တန်းဖြစ်တဲ့ မာလ်ဒီနီ နက်စတာ ကာဖူး စတမ်းတို့ရဲ့ ခံစစ်(၄)ယောက်တန်းပဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Star

လက်ရှိမှာ အသက်(၄၅)နှစ်အရွှယ် ရှိလို့နေပြီဖြစ်တဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်းကြီး နစ္စတယ်ရွိုင်းဟာ PSV ယူနိုက်တက် ရီးယဲလ်တို့လို နာမည်ကြီး ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်သလို နယ်သာလန်အသင်းနဲ့ပါ ပွဲပေါင်း(၇၀)လောက်အထိကို ပါဝင်ကစားထားနိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာ PSV လူငယ်အသင်းရဲ့ နည်းပြအဖြစ်ရော နယ်သာလန် လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်နဲ့ပါ ပူးတွဲတာဝန်ယူထားတဲ့ နစ္စတယ်ရွိုင်းက ကစားသမားဘဝအတွင်း သူတွေ့ဆုံခဲ့ရတဲ့ ပြိုင်ဘက်အသင်း ခံစစ်ကစားသမားတွေထဲမှာ မီလန်ရဲ့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီက ခံစစ်(၄)ယောက်တန်းက သူ့အတွက် အခက်အခဲဆုံးပဲလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : 90Min

နစ္စတယ်ရွိုင်းက “အီတလီက ခံစစ်တွေနဲ့ ယှဉ်ပြိုင်ကစားရတာက တော်တော်လေးကို ကြောက်မက်ဖွယ်ရာ ကောင်းပါတယ်။ သူတို့က ခံစစ်မှာပဲ အကုန်ရှိနေကြတယ်။ သူတို့က ဂိုးသွင်းယူဖို့ထက် ဂိုးမပေးရရေးကိုပဲ အာရုံစိုက်ထားကြတယ်။ ကျွန်တော် ရင်ဆိုင်ခဲ့ရတဲ့ ကာဖူး ဂျက်စတမ်း အလက်စ်ဆန်ဒရိုနက်စတာနဲ့ ပေါ်လိုမာလ်ဒီနီတို့ရဲ့ ခံစစ်ဆိုရင် တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ဒါတောင် သူတို့ရဲ့ ရှေ့မှာက ဂတ်ဆူဆို ရှိနေသေးတယ်။ ကျွန်တော်များ ဘောလုံးရနေခဲ့ရင် သူတို့က ကျွန်တော့်ကို သတ်တော့ဖြတ်တော့မယ့် အတိုင်းပဲ။ ပြီးတော့လည်း သူတို့အသင်းမှာ ဆီးဒေါ့ဖ်နဲ့ ပီယာလိုတို့လို တကယ့် သန်မာလှတဲ့ ဘောလုံးသမားတွေကလည်း ရှိနေသေးတယ်။ အဲ့ဒီညက တော်တော်လေးကို ခက်ခဲခဲ့ရတယ်။ ကျွန်တော် ဂိုးပေါက်တည့် ကန်ချက်တစ်ကြိမ် ရဖို့တောင် ခက်ခဲလွန်းခဲ့တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက နစ္စတယ်ရွိုင်းရဲ့ ယူနိုက်တက်အသင်းနဲ့ မီလန်တို့ဟာ ချန်ပီယံလိဂ် (၁၆)သင်းဆင့်မှာ ဆုံတွေ့ကြတာဖြစ်ပြီး မီလန်က အိမ်ကွင်းရော အဝေးကွင်းမှာပါ အနိုင်ယူ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။