MySport Myanmar

အာဆင်နယ် ပရိသတ်တွေက သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိမ့်မယ်လို့ နစ္စတယ်ရွိုင်း နောက်ပြောင်

လက်ရှိမှာ နယ်သာလန်ကလပ် PSV အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေရတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းက ဒီနေ့ညမှာ အိမရိတ်ကွင်းထဲ အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်အဖြစ် ရင်ဆိုင်ရတော့မယ့်အချိန် အာဆင်နယ်အသင်း ပရိသတ်တွေက သူ့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုနေလိမ့်မယ်လို့ နောက်ပြောင်ကျီစယ်ပြီး ပြောကြားသွားခဲ့ပါတယ်။

Photo Credit : GiveMeSport

နယ်သာလန် ကစားသမားဟောင်းကြီး နစ္စတယ်ရွိုင်း ဘောလုံးသမားအဖြစ် ကျင်လည်ခဲ့စဉ် ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေတုန်း ၂၀၀၃ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပွဲပြီးဆုံးခါနီးမှာ အာဆင်နယ်အသင်းဘက်ကို ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပေမယ့် သူရဲ့ ပင်နယ်တီက လွဲချော်သွားခဲ့လို့ ပွဲက ဂိုးမရှိသရေနဲ့ အဆုံးသတ်သွားခဲ့ရသလို အာဆင်နယ်ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကလည်း ဆက်လက် ရှင်သန်ခဲ့ရပါတယ်။ နစ္စတယ်ရွိုင်း ပင်နယ်တီ လွဲချော်ရပြီး ပွဲပါ ပြီးဆုံးသွားချ်ိန်မှာ မာတင်ကီအွန် အပါအဝင် အာဆင်နယ် ကစားသမားတချို့က နစ္စတယ်ရွိုင်းကို ရန်စမှုတွေပါ လုပ်ဆောင်ခဲ့ပါသေးတယ်။

Photo Credit : Daily Mail

လက်ရှိ နည်းပြဘဝကို အာဆင်နယ်ကို ပြန်လည် ရင်ဆိုင်ရတော့မယ့် နစ္စတယ်ရွိုင်းက “နွေးထွေးစွာ ကြိုဆိုကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ကျွန်တော်ရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့ သူတို့ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းပေးခဲ့တာ ဆိုတော့လေ။ ပင်နယ်တီလွဲချော်မှုတွေ ဖြစ်ပျက်သွားပြီးတဲ့နောက် ကျွန်တော် ဘာမှကို မတုံ့ပြန်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ အသင်းအတွက် နိုင်ပွဲ မယူဆောင်ပေးနိုင်ခဲ့လို့ အတော်လေး စိတ်ပျက်သွားခဲ့ရတာကြောင့်ပါပဲ။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတာ ဖြစ်နေတဲ့အပြင် ဒီလိုပွဲတွေမှာ အဆုံးအဖြတ် ဖြစ်သွားနိုင်မယ့် အခိုက်အတန့်မျိုး ဖြစ်နေတဲ့အတွက် နှစ်သင်းလုံးမှာ ဖိအားကိုယ်စီ ရှိခဲ့ရပါတယ်။ အခုတော့ ဒီဖြစ်ရပ်က အနှစ်နှစ်ဆယ်လောက်တောင် ရှိသွားပါပြီ။ အခု ကျွန်တော် အင်္ဂလန်နဲ့ အာဆင်နယ်ကို ပြန်ရောက်နေချိန်မှာတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော်ရဲ့ အမှတ်တရတွေ ပြန်ပေါ်လာခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ နစ္စတယ်ရွိုင်းရဲ့ PSV နဲ့ အာဆင်နယ်အသင်းတို့ဟာ ယူရိုပါလိဂ် အုပ်စု (A) မှာ အတူကျရောက်နေပြီး အုပ်စုဗိုလ်နေရာအတွက် အဓိကထား အားပြိုင်ရမယ့် ပြိုင်ဘက်တွေလည်း ဖြစ်နေပါတယ်။

Exit mobile version