အာဆင်နယ် အသင်း အနေနဲ့ မနေ့ညက ကာရာဘောင်း ဖလား ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် မန်ချက်စတာစီးတီး အသင်း နဲ့ အမ်းမရိတ် ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ပြီး ၁ ဂိုး- ၄ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ရှုံး နိမ့်ခဲ့ရပါတယ်။ အဆိုပါ ရှုံးပွဲ‌ကြောင့် အာဆင်နယ် နည်းပြ အာတီတာ အတွက်တင် ဖိအားတွေ ကျရောက်ခဲ့ရတာ မဟုတ်ပဲနဲ့ အသင်းရဲ့ ကစားသမားတွေ အပေါ်မှာပါ ဝေဖန်ပြောဆိုမှုတွေ ခံခဲ့ရပါတယ်။ ထိုအထဲမှာ လေးဂိုး ခွင့်ပြုပေးခဲ့ရပြီးတော့ အမှားတွေ များခဲ့တဲ့ အာဆင်နယ် အသင်း ရဲ့ ဂိုးသမား အဲလက် ရူနာဆန် ကတော့ ‌အတော်လေးကို အာဆင်နယ် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေ ခံခဲ့ရပြီးတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ဖြစ်တဲ့ တွစ်တာအကောင့်ကိုတောင် မန်စီးတီးနဲ့ ပွဲစဥ်အပြီးမှာ ဖျက်ပစ်တဲ့ အထိ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Mirror

 

ရူနာဆန် ဟာ မန်စီးတီး နဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၃ မိနစ်အတွင်းမှာတင် ဂါဘရီရယ် ဂျီးဆပ် ရဲ့ ခေါင်းတိုက် သွင်းဂိုး ကို စောစောစီးစီး ခွင့်ပြုပေးခဲ့ရသလို မာရက်ဇ် ရဲ့ ဖရီးကစ် သွင်းဂိုးမှာလည်း ဘောလုံးကို ကောင်းကောင်း မဖမ်းနိုင်ခဲ့ပဲ ဂိုးသမားတစ်ယောက် အတွက် မဖြစ်သင့်တဲ့ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့မိတာ ဖြစ်ပါတယ်။ အဆိုပါ ရှုံးပွဲကြောင့် အာဆင်နယ် အသင်း အနေနဲ့ ကာရာဘောင်း ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရသလို ဂိုးသမား ရူနာဆန် အနေနဲ့လည်း ပွဲအပြီးမှာ အသင်းပရိသတ်တွေရဲ့ အဓိက ပစ်မှတ်ထား ဝေဖန်မှုကို အကြီးအကျယ် ခံခဲ့ရပါတယ်။ အသင်း ပရိတ်တွေအနေနဲ့ ရူနာဆန် ကို ဆိုရှယ်မီဒီယာတွေ အပေါ်မှာ အပြင်းအထန် ဝေဖန်ခဲ့တာကြောင့် ရူနာဆန်က တွစ်တာအကောင့်ကို ယာယီဖျက်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ရူနာဆန် ဟာ ယူရိုပါလိဂ် မှာ ပွဲထွက်ခွင့် ရရှိထားပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ တစ်ပွဲမှ ပွဲထွက်ခွင့် မရထားပါဘူး။

Photo Credit: Mirror

နည်းပြအာတီတာ ကတော့ အဆိုပါ ရှုံးပွဲအပြီးမှာ အခုလိုပဲ ပြောဆိုထားခဲ့ပါတယ်။ “ နောက်ထပ် နာကျင်စရာ ကောင်းတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ ကျွန်တော်တို့ သွင်းဂိုးတွေ စောစောစီးစီး ခွင့်ပြုပေးခဲ့ရတယ်။ ဒါပေမယ့် ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ကျ မသွားပဲ အကောင်းဆုံး ကစားခဲ့တယ်။ အဲ့ဒီနောက် ကျွန်တော်တို့ ချေပဂိုး ပြန်ရတယ်။ အတော်လေးကို ကောင်းတဲ့ သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်က နောက် ၂၅ မိနစ်လောက် နေရင် ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်း ဖြစ်မှာပဲ လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ် တစ်ဂိုး ခွင့်ပြုပေးခဲ့ရတယ်။ အဲ့ဒီသွင်းဂိုးက ကျွန်တော်တို့ အတွက် ကစားရတာ အတော်လေး ခက်ခဲသွားစေခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ချေပဂိုး ထပ်ရဖို့ ကျွန်တော်တို့ အကောင်းဆုံး ဆက်ကစားခဲ့တယ်။ တိုက်စစ်မှာဆိုရင် အခွင့်အရေး အလွတ်တွေ အများကြီး ရခဲ့တယ်။ ကျွန်တော်တို့ တန်ပြန်တိုက်စစ်မှာလည်း မကောင်းခဲ့ဘူး။ အဲ့ဒီနောက် သူတို့ လူကျွံအနေအထား နဲ့ တစ်ဂိုးထပ်သွင်း သွားတယ်။ အဲ့ဒီနောက်တော့ ကျွန်တော်တို့ အတွက် ကစားပွဲက လုံးဝ ပြီးသွားခဲ့ပါပြီ ” လို့ ပြောဆိုခဲ့ပါတယ်။