ဘွန်ဒက်လီဂါ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ရူမင်နစ်ဂီ ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ သူတို့အသင်းနဲ့ လာရောက် တွေ့ဆုံ နေတဲ့ စပိန်အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အကောင်းဆုံး ကစားသမား မက်ဆီကို သူတို့အသင်းအနေနဲ့ ထိန်းချုပ် နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲလိမ့်မယ် လို့ အလေးပေး ခံထားရတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ ကွာတားဖိုင်နယ် ပွဲစဉ် လေးပွဲအနက် ပရိသတ် စိတ်အဝင်စားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်သလို ပွဲကြီးပွဲကောင်း တစ်ပွဲလို့ ဆိုရင်လည်း မမှားပါဘူး။

Photo Credit: Express

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ စနေနေ့ မနက် မြန်မာစံတော်ချိန် ၁နာရီခွဲမှာ ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပြီး နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်မစွဲတာ နှစ်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်တာကြောင့် ယခုနှစ်မှာ ဗိုလ်စွဲဖို့အတွက် အားခဲနေကြပါတယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံတိုင်း ဂိုးမြူးလေ့ ရှိတဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီကို ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ ယခုနှစ်မှာရော ထိန်းချုပ် နိုင်ပါ့မလား ဆိုတာက စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်းတစ်ခု ဖြစ်နေပြီး ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဥက္ကဌ ရူမင်နစ်ဂီကတော့ သူတို့အသင်းရဲ့ ကစားသမား တစ်ဦးဟာ မက်ဆီကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

Photo Credit: Express

အဆိုပါ ကစားသမား ကတော့ တက်သစ်စ လူငယ် ကြယ်ပွင့် ကစားသမားလေး အယ်ဖွန်ဆို ဒေးဗီးစ်ပဲ ဖြစ်ပါတယ်။ အယ်ဖွန်ဆို ဒေးဗီးစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ လူငယ် ဘယ်နောက်ခံလူ ဖြစ်ပြီး ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး တက်သစ်စ လူငယ် ကစားသမားဆုကိုလည်း ရရှိထားသူပါ။

Photo Credit: Express

မက်ဆီကို ဒေးဗီးစ်အနေနဲ့ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်းကို ရူမင်နစ်ဂီက အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ရူမင်နစ်ဂီက ” အယ်ဖွန်ဆိုဟာ အရမ်းကောင်းတဲ့ ရာသီတစ်ခု ကို ရရှိထားပြီး အကောင်းဆုံး တက်သစ်စ လူငယ် ကစားသမား အဖြစ် ရွေးချယ်ခံထားရသူပါ။ မက်ဆီဟာ သူရှိနေမယ့် ဘယ်ဘက်ခြမ်း မှာ ကစားသွားမယ့်သူ ဖြစ်သလို အယ်ဖွန်ဆိုကလည်း မက်ဆီကို ထိန်းချုပ်ရမှာပါ။ ဒါက နည်းနည်းတော့ ခက်ခဲနိုင်ပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတစ်ခုပါပဲ။ ဒီရာသီမှာ ဒေးဗီးစ်ဟာ ပြိုင်ဘက် ကစားသမားတွေရဲ့ ဖြတ်ကျော်မှုကို အများကြီး မခံခဲ့ရဘူးလေ ” လို့ ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်။