ဂျာမန်ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စီးအီးအိုဟောင်း ဖြစ်သူ ရူမင်နစ်ဂီ ကတော့ သူ့ရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပလာတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖွယ် မရှိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ရူမင်နစ်ဂီဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စီးအီးအိုအဖြစ် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ဇွန်လကမှ မိသားစုကို အချိန်ပေးဖို့ အတွက် ရည်ရွယ်ကာ ရာထူးကနေ နုတ်ထွက်ခဲ့သူ ဖြစ်ပြီး လက်ရှိ အချိန်အထိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကြီးအကဲတွေနဲ့ အဆက်အသွယ် ရရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit: Straits Time

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာပဲ ဥရောပရဲ့ အကောင်းဆုံး အထောင်တိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းပြထားနိုင်သူ ဖြစ်ပြီး ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၆၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီးတွေ အားလုံးက စိတ်ဝင်စားနေကြပြီး အဆိုပါ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်ပါတယ်။

Photo Credit: Straits Time

ဒါပေမယ့် ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနီးပါး ပေးချေဖို့ လိုအပ်သလို မြင့်မားလှတဲ့ လက်မှတ်ထိုးကြေး ၊ အေးဂျင့်ခနဲ့ များပြားတဲ့ လုပ်ခလစာတို့ကို ပေးရဖွယ် ရှိတာကြောင့် သူ့ရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ မတတ်နိုင်ကြောင်း ရူမင်နစ်ဂီက ဆိုခဲ့ပါတယ်။

ရူမင်နစ်ဂီက – “ဟာလန်းက ဘွန်ဒက်လီဂါရဲ့ ပုံရိပ်တခုလို ဖြစ်လာတဲ့ ထိပ်တန်း ကစားသမား တဦးပါ။ ဒါပေမယ့် သူ့အနေနဲ့ ဘွန်ဒက်လီဂါမှာ ဆက်မရှိနိုင်ဘူးလို့ ယူဆထားပါတယ်။ သူ့ကို ခေါ်ယူဖို့ ပေးချေရမယ့် ကိန်းဂဏန်းတွေ (လုပ်ခလစာ ၊ ပြောင်းရွှေ့ကြေး ၊ အေးဂျင့်ခ) က သူ့ကို ဂျာမဏီမြေမှာ ဆက်လက် မြင်ရဖို့ အတွက် ခက်ခဲစေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ရဲ့ အနာဂတ်ဟာ အခြား ထိပ်သီးလိဂ်တွေမှာပဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။