MySport Myanmar

ခရစ္စတန်ဆန်ရော ရူဒီဂါကိုပါ ခေါ်ယူသွားဖို့အထိ ဆောင်ရွှက်လို့နေတဲ့ ဘာစီလိုနာအသင်း

ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ အန်ဒရေယပ်စ်ခရစ္စတန်ဆန်နဲ့ အန်တိုနီယိုရူဒီဂါတို့ နှစ်ဦးစလုံးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မှာဖြစ်ပြီး ကစားသမားနှစ်ဦးလုံးကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ဒီနှစ်ဦးထဲကမှ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်ကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ အဆင်ပြေနေပြီဖြစ်သလို အခုလည်း ရူဒီဂါကို ထပ်မံခေါ်ယူသွားဖို့ ဆောင်ရွှက်နေပြီလို့ သိရှိရပါတယ်။

Photo Credit : The Sun

အပြောင်းအရွှေ့စျေးကွက် မဖွင့်လှစ်ခင်ကတည်းက ကစားသမားသစ် ခေါ်ယူမှုတွေအတွက် သွက်သွက်လက်လက် လှုပ်ရှားလျက်ရှိနေတဲ့ ဘာစီလိုနာအသင်းဟာ အေစီမီလန်အသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးနဲ့ ချယ်လ်ဆီးအသင်းရဲ့ ဒိန်းမတ်ဗဟိုနောက်ခံလူ ခရစ္စတန်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှုတွေ ရယူထားနိုင်တဲ့ အခြေအနေမှာ အခုလည်း ချယ်လ်ဆီးရဲ့ နောက်ထပ် ကစားသမားဖြစ်တဲ့ ဂျာမနီနောက်ခံလူ ရူဒီဂါကိုပါ ထပ်မံခေါ်ယူသွားဖို့အတွက် ရူဒီဂါရဲ့ အေးဂျင့်နဲ့ပါ လျှို့ဝှက်တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ရူဒီဂါရဲ့အစ်ကိုလည်းဖြစ်ပြီး အေးဂျင့်လည်းဖြစ်သူနဲ့ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေတို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘာစီလိုနာမြို့မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး ရူဒီဂါရဲ့ အပြောင်းအရွှေ့အကြောင်းကို (၃)နာရီနီးပါးလောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ မကြာသေးမီ လပိုင်းအတွင်း ကြီးမားတဲ့ ငွေကြေးစီးဆင်းမှု ပြသာနာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပေမယ့်လည်း နွေစျေးကွက်ထဲမှာ အသင်းကနေ ကစားသမားတချို့ကို ပြန်လည်ရောင်းထုတ်သွားဖို့ ရှိနေတာမို့ ဒီကစားသမားတွေ ထွက်ခွာသွားချိန်မှာ ရူဒီဂါလို လစာမြင့်မားစွာ အလိုရှိနေတဲ့ နောက်ခံလူမျိုးကို အဆင်ပြေပြေနဲ့ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိ ဘာစီလိုနာအသင်း ခေါ်ယူဖို့ ဆောင်ရွှက်နေတဲ့ ကစားသမားတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေ ဖြစ်နေတဲ့အတွက် ကစားသမားကို ပေးချေရတဲ့ လစာရယ် လက်မှတ်ထိုးကြေးရယ်ကိုသာ ပေးချေရမှာဖြစ်လို့ အသင်းမှာ လစာများနေတဲ့ ကစားသမားတွေကို ရှင်းထုတ်နိုင်လိုက်မယ်ဆိုရင် ဒီကစားသမားတွေကို အောင်အောင်မြင်မြင်နဲ့ ခေါ်ယူနိုင်ပြီး ကစားသမားအဖြစ်ပါ အလွယ်တကူ မှတ်ပုံတင်နိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version