လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ယနေ့ မနက်မှာပဲ အခိုင်အမာ ဖော်ပြသွားပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် နောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အတွင်းမှာသာ အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ရာသီကုန်ရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ရူဒီဂါဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း လမ်းပတ်ရဲ့ လက်အောက်မှာ ပုံမှန် ကစားခွင့် မရခဲ့ပေမယ့် တူချယ် ရောက်လာပြီး နောက်ပိုင်းမှာတော့ အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေသလို သီယာဂို ဆေးလ်ဗားနဲ့လည်း အတွဲညီနေတာကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီ စတင်တဲ့ အချိန်ထဲက စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ရူဒီဂါရဲ့ အေးဂျင့်တွေနဲ့ အဆက်မပြတ် ဆွေးနွေးခဲ့တာ ဖြစ်ပေမယ့် ရူဒီဂါရဲ့ တပတ် လုပ်ခလစာ ပေါင် ၄သိန်း အထိ တောင်းဆိုမှုနဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ကမ်းလှမ်းမှု လုပ်ရမယ် ဆိုတဲ့ တောင်းဆိုမှုတွေကြောင့် ဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားခဲ့ကြောင်း ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာန ကတော့ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ကြောင်းနဲ့ ရူဒီဂါရဲ့ အသင်းသစ်ဟာ ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းထဲက တသင်း ဖြစ်နိုင်ကြောင်း ရေးသား ဖော်ပြထားပါတယ်။