စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ဗဟိုနောက်ခံလူ ရူဒီဂါက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့အသင်းက လိုက်ပ်ဇစ်ကို သရေကစားနိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်​ကို တက်ရောက်နိုင်ခဲ့ပေမယ့် ကစားပုံ မကောင်းခဲ့တာကြောင့် မပျော်နိုင်ဘူးလို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ရူဒီဂါရဲ့ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပထမအကျော့ အဖြစ် ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က ရီးရဲလ်မက်ဒရစ်ဟာ လိုက်ပ်ဇစ်ကို ဒီယက်ဇ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Euro Sports

ယနေ့မနက်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ လိုက်ပ်ဇစ်တို့က ဒုတိယအကျော့ပွဲ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ နာမည်ကျော် ဘာနေဗျူးကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက ကွာတားဖိုင်နယ်ဆီ တက်နိုင်ဖို့ အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ ဧည့်သည် လိုက်ပ်ဇစ်က နောက်တဆင့် တက်ဖို့ အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတာကြောင့် ပွဲစတာနဲ့ ရီးရဲလ်မက်ဒရစ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး လိုက်ပ်ဇစ်ရဲ့ ကစားပုံက အတော်လေး ကောင်းမွန်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

လိုက်ပ်ဇစ်ရဲ့ ကစားပုံက ကောင်းပေမယ့် ရူဒီဂါ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ကြောင်းကလည်း မာကျောခဲ့တာကြောင့် ဧည့်သည်တို့ ဂိုးသွင်းနိုင်ဖို့ ခက်ခဲခဲ့ပြီး ပွဲချိန် ၆၅မိနစ်မှာ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ် အတွက် ဦး​ဆောင်ဂိုး သွင်းပေးနိုင်ခဲ့ကာ ပွဲချိန် ၆၈မိနစ်မှာ အော်ဘန်က လိုက်ပ်ဇစ်အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

Photo Credit: Standard

တဖက် တဂိုးစီ သရေကျပြီးနောက် နှစ်သင်းစလုံးက ဂိုးတွေ သွင်းယူနိုင်ဖို့ ဆက်လက် ကြိုးစားခဲ့ကြပေမယ့် ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်းရလဒ် ၂-၁နဲ့ လိုက်ပ်ဇစ်ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပေမယ့် ရူဒီဂါကတော့ သူတို့အသင်းဟာ အိမ်ကွင်းမှာ ကစားပုံ ဆိုးရွားခဲ့တာကြောင့် မပျော်နိုင်ဘူးလို့ ဆိုလာပါတယ်။ ရူဒီဂါက – “ဒီနေ့ပွဲမှာ နိုင်ခဲ့ပေမယ့် မပျော်ပါဘူး။ ကျွန်တော်တို့က ဒီနေ့ပွဲအပြီးမှာ အောင်ပွဲခံမှာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကစားပုံက မကောင်းခဲ့လို့ပါ။ ကျွန်တော်တို့က နောက်တဆင့်ဆီ တက်နိုင်ခဲ့ပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။