ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂျာမန် နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့သလို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ချယ်လ်ဆီးအသင်းထံ ဖိအားပေး တောင်းဆိုထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂျာမန် ခံစစ်မှူး ရူဒီဂါဟာ ချယ်လ်ဆီး အသင်းထံကို ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်း ကနေ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်အထိ ကျန်ရှိနေသူ ဖြစ်ပေမယ့် အသင်းမှာ ဆက်နေဖို့ ဆန္ဒ မရှိတော့ဘူး လို့ သိရပါတယ်။

Photo Credit: Yahoo Sport

ရူဒီဂါဟာ တီမိုဝါနာ ၊ ကိုင်ဟားဗက် တို့ရဲ့ အပြောင်းအရွှေ့ မှာ အရေးပါခဲ့သူ တစ်ဦး ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကို အငှားချဖို့ အတွက် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အတော်လေး စိတ်ပျက်ခဲ့ပြီး လက်ရှိမှာတော့ ချယ်လ်ဆီးအသင်း ကနေ တစ်ခါထဲ ထွက်ခွာခွင့် တောင်းခံခဲ့ကြောင်း TeamTalk သတင်းဌာနရဲ့ ဖော်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် TeamTalk သတင်းဌာနရဲ့ အဆိုအရ ယမန်နေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ ရူဒီဂါကို အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ထည့်သွင်းခဲ့ပေမယ့် ရူဒီဂါဟာ ချယ်လ်ဆီးအသင်း အတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီး သူ့ကို အသင်းပြောင်းခွင့်​ ပေးဖို့သာ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Photo Credit: Yahoo Sport

ချယ်လ်ဆီးအသင်း ကတော့ ကနဦးမှာ ရူဒီဂါကို အငှားချဖို့ စဉ်းစားခဲ့ပေမယ့် ကစားသမားကို စာချုပ်သက်တမ်း တိုးပြီးမှသာ အငှားစေလွှတ်ဖို့ ဆုံးဖြတ် ထားတာ ဖြစ်ပြီး ရူဒီဂါဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ စိတ်ဆန္ဒ မရှိတော့တာကြောင့် ရူဒီဂါကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေကို ခေတ္တ ရပ်ဆိုင်း ခိုင်းထားကြောင်း နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။ လက်ရှိမှာတော့ ရူဒီဂါကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ စပါး စတဲ့ ထိပ်တန်း အသင်းတွေက စိတ်ဝင်စား နေကြပြီး ကမ်းလှမ်းမှုတွေ ပြုလုပ် ထားပေမယ့် ကမ်းလှမ်းမှုတွေ အားလုံးဟာ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေသာ ဖြစ်တာကြောင့် ချယ်လ်ဆီး အသင်းအနေနဲ့ ဆုံးဖြတ်ရ ခက်ခဲနေကြောင်း သိရပါတယ်။ ဒါပေမယ့် ရူဒီဂါဟာ အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိတော့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ရူဒီဂါကို ရောင်းချ သွားဖို့ စဉ်းစားနေပြီး တစ်ရာသီ အငှား + ရာသီကုန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ အချက်နဲ့ ရူဒီဂါကို ရောင်းချဖွယ် ရှိကြောင်း အပြောင်းအရွှေ့ သုတေသီတွေက သုံးသပ် ထားကြပါတယ်။