ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သလို လာမယ့် နွေဈေးကွက်မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားတော့မယ့် ဂျာမန် ဗဟိုနောက်ခံလူ ရူဒီဂါကတော့ သူ့ရဲ့ အသင်းဖော်သစ် ဖြစ်လာတော့မယ့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ဂျာမဏီ လက်ရွေးစင် ဗဟိုနောက်ခံလူ ရူဒီဂါဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးရဲ့ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ချယ်လ်ဆီးရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးဖို့ ရှိနေပြီး ချယ်လ်ဆီးဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ခဲ့ပေမယ့် အသင်းပိုင်ရှင် အပြောင်းအလဲကြောင့် စာချုပ်သစ် ကမ်းလှမ်းနိုင်ခြင်း မရှိခဲ့ပဲ ရူဒီဂါကလည်း ချယ်လ်ဆီးကနေ ထွက်ခွာဖို့သာ လုပ်ဆောင်ခဲ့ရပါတယ်။

Photo Credit: The Sun

လက်ရှိအချိန်မှာတော့ ရူဒီဂါက စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို တနှစ် လုပ်ခလစာ ယူရို ၁၅သန်း အထက် + လက်မှတ်ထိုးကြေး ယူရို ၃၅သန်း ပေးချေဖို့ သဘောတူထားကာ သူ့ရဲ့ စာချုပ်သက်တမ်းက ၄နှစ် ရှိပါလိမ့်မယ်။

ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ့် ရူဒီဂါက သူ့ရဲ့ အသင်းဖော်သစ် ကာရင် ဘန်ဇီမာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့သလို ဘန်ဇီမာရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်းက သူမတူအောင် ကောင်းမွန်တယ် လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

ရူဒီဂါက – “ကျွန်တော့်အတွက် ကာရင်(ဘန်ဇီမာ)က လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါပဲ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား တယောက်မှာ ရှိရမယ့် အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်းက သူမတူအောင်ကို ကောင်းပါတယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။