ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းနဲ့ သက်တမ်းတိုးမယ့်ကိစ္စကို ကြန့်ကြာလျက်ရှိနေတဲ့အတွက် လာမယ့် နွေစျေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မန်စီးတီး စပါးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းကပါ ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ ဒီမာဇီယိုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၇ခုနှစ်ကတည်းက ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်က လာမယ့် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှာပဲ သက်တမ်းကုန်ဆုံးရတော့မှာ ဖြစ်တာကြောင့် အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရူဒီဂါက လက်ရှိ လုပ်ခလစာထက် ပိုမိုမြင့်မားစွာ အလိုရှိနေတာကြောင့် သက်တမ်းတိုးဖို့က ကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ဖြစ်နေရတဲ့ ရူဒီဂါကိုလည်း ဥရောပရဲ့ ထိပ်သီးကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေကြပြီး လတ်တလောမှာတော့ မန်စီးတီး စပါးနဲ့ ဂျုဗင်တပ်စ်အသင်းတွေက ရူဒီဂါကို ခေါ်ယူဖို့အတွက် ဆွေးနွေးနေတယ်လို့ အီတလီလူမျိုး နာမည်ကျော် ဂျာနယ်လစ် ဒီမာဇီယိုက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၈)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် နောက်ခံကစားသမား ရူဒီဂါဟာ ချယ်လ်ဆီးအသင်းမှာ ဖရန့်လမ်းပတ် ကိုင်တွယ်နေစဉ်တုန်းက အဆင်မပြေမှုတွေ ရှိခဲ့ပြီး အနာဂတ် အခြေအနေ လှုပ်ခတ်ခဲ့ရပေမယ့်လည်း အသင်းကို သောမတ်စ်တူဟယ်လ် ရောက်လာချိန်မှာတော့ ကစားခွင့်တွေ ပြန်လည်ရရှိလာခဲ့သလို အသင်းနဲ့လည်း ချန်ပီယံလိဂ်ဆုဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ တူဟယ်လ် အသုံးပြုလေ့ရှိတဲ့ (၃)ယောက်တန်းခံစစ်မှာ အမြဲတမ်း ပါဝင်ကစားတတ်ရလေ့ရှိတဲ့ ရူဒီဂါကို ချယ်လ်ဆီးအသင်းဘက်ကနေ သက်တမ်းတိုးပြီး အသင်းမှာသာ ဆက်လက်ထိန်းသိမ်းချင်သလို ကစားသမားကလည်း ချယ်လ်ဆီးမှာသာ ဆက်ရှိနေချင်ပေမယ့် လစာကိစ္စ အဆင်မပြေသေးတာကြောင့် ဆက်လက်ညှိနှိုင်းနေရဆဲ ဖြစ်နေသလို လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ တခြားကလပ်အသင်းတွေဘက်က ရူဒီဂါရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အကြိုဆွေးနွေးမှုတွေကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ရူဒီဂါကို မန်စီးတီး စပါး ဂျုဗင်တပ်စ်အသင်းတွေအပြင် ရီးယဲလ်မက်ဒရစ် ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ် အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။