ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ ရူဒီဂါ ကတော့ သူ့ရဲ့ မွေးရပ်မြေ ဂျာမဏီနိုင်ငံရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိလို့ ဂုဏ်ယူမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် နောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းထံ နည်းပြတူချယ် ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်လာပြီး ချန်ပီယံလိဂ်ဖလားကိုလည်း အရယူထားနိုင်သူပါ။

Photo Credit: Goal

ဒါပေမယ့် ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေမရာ ဖြစ်နေပြီး အကယ်၍ စာချုပ်သစ်သာ မချုပ်ဆိုဖြစ်ရင် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့် ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရူဒီဂါကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေပြီး ရူဒီဂါကတော့ သူ့ရဲ့ အနာဂတ် အတွက် ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ ဆိုခဲ့ပါတယ်။

Photo Credit: Goal

 

ဒါပေမယ့် ရူဒီဂါက ဘိုင်ယန်မြူးနစ်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိတဲ့ အတွက် ဂုဏ်ယူမိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရူဒီဂါက – “ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို အထိခိုက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အသင်းနဲ့ ပတ်သတ်ပြီး လုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားတဲ့ အရာတချို့ ရှိပါတယ်။ ပြီးတော့ အကောင်းဆုံး စွမ်းရည်ကို ပြသနိုင်ဖို့လည်း ဦးတည် ကြိုးစားနေပါတယ်။ ဒါပေမယ့် အခုလို အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာက ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ လတွေမှာ ဘယ်လောက်အထိ ခြေစွမ်းပြနိုင်ခဲ့လဲ ဆိုတာကို သက်သေပြနေတာပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။