ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါနဲ့ ဂိုးသမား ကယ်ပါအရီဇာဘလာဂါတို့နှစ်ယောက်ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်အတွင်း အသင်းဖော်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် အသင်းသားတွေက ဝိုင်းဝန်းဖြန်ဖြေပေးခဲ့ရသလို ဒီကိစ္စရပ်မှာ ပိုမိုကျူးလွန်မှုတွေ ရှိခဲ့တဲ့ ရူဒီဂါကိုလည်း အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာခိုင်းခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : BBC

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ညကပဲ အိမ်ကွင်းစတမ်းဖိုဒ့်ဘရစ်ချ်မှာ ဧည့်သည်ဝက်စ်ဘရွန်းအသင်းကို (၂)ဂိုး (၅)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး နည်ပြတူဟယ်လ်လက်ထက် ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလို ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး နောက်တစ်နေ့မှာပဲ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ရူဒီဂါနဲ့ ကယ်ပါတို့နှစ်ဦးက လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း အချင်းများခဲ့ရာ တစ်ဦးနဲ့တစ်ဦး တွန်းထိုးမှုတွေ ရှိလာခဲ့တာကြောင့် အသင်းဖော်တွေကနေ ဝိုင်းဖြန်ဖြေပေးခဲ့ရသလို အသင်းနည်းပြ တူဟယ်လ်ကလည်း နောက်ခံလူရူဒီဂါကို လေ့ကျင့်ရေးကွင်းကနေ (၅)မိနစ်ခန့် စောစီးစွာ ပြန်သွားစေခိုင်းခဲ့ပါတယ်။

Photo Credit : talkSPORT

ဒီလို ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ကို ဗြိတိန်သတင်းစာ The Telegrpah ကနေ စတင်ဖော်ပြခဲ့တာဖြစ်ပြီး ရူဒီဂါရဲ့ ကစားပုံကြမ်းတမ်းမိရာကနေတစ်ဆင့် စတင်ခဲ့တာလို့လည်း သိရှိရပါတယ်။ ဒါပေမယ့် ခိုက်ရန်ဖြစ်ပွားပြီး နောက်ပိုင်းမှာတော့ ရူဒီဂါဘက်ကနေ ကယ်ပါကို ပြန်လည်တောင်းပန်ခဲ့တာကြောင့် ပြသာနာက ပြန်လည်ပြေလည်သွားခဲ့ပြီး အခုလို ပြသာနာကို ချက်ချင်း ပြန်လည်ဖြေရှင်းနိုင်တာက စိတ်ကျေနပ်စရာကောင်းတယ်လို့လည်း တူဟယ်လ်က ပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့် တူဟယ်လ်ဟာ သူရဲ့ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးသော ရှုံးပွဲကို ဝက်စ်ဘရွန်းအသင်းနဲ့ပွဲစဉ်မှာ စတင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒါကို အသင်းသားတွေအားလုံး အတူတကွ အဖြေရှာနိုင်ဖို့က အရေးကြီးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ တူဟယ်လ်ရဲ့ချယ်လ်ဆီးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်ပြီးရင်တော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲစဉ်ကို ဆက်လက်ဆင်နွဲရမှာပဲဖြစ်ပါတယ်။