ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေတဲ့ ဂျာမဏီ လက်ရွေးစင် နောက်ခံလူ ရူဒီဂါဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ အလားအလာ များနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် နောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းဆီ နည်းပြ တူချယ်လ် ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေပေမယ့် ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ ကစားသမားပါ။

Photo Credit: Marca

လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းက ရူဒီဂါကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် ကမ်းလှမ်းမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပေမယ့် ရူဒီဂါ တောင်းဆိုထားတဲ့ လုပ်ခလစာနဲ့ ချယ်လ်ဆီးအသင်း ပေးချေချင်တဲ့ လုပ်ခလစာ ပမာဏတို့ ကိုက်ညီချင်း မရှိတာကြောင့် ရူဒီဂါအနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရူဒီဂါကို ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စပိန် အင်အားကြီး ကလပ် ရီးရဲလ်မက်ဒရစ်တို့က အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြပေမယ့် ရူဒီဂါကတော့ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနကလည်း ရီးရဲလ်မက်ဒရစ်နဲ့ ရူဒီဂါတို့ရဲ့ ကြားမှာ ဆက်သွယ်မှုတွေ ရှိနေကြောင်း အတည်ပြုပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ရူဒီဂါကို တနှစ် ယူရို ၁၂သန်းနဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားကြောင်းလည်း ဆိုပါတယ်။