ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ရူဒီဂါကတော့ ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ရာသီကုန်မှာ အခြားအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေရာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ၊ စပိန်လာလီဂါ ထိပ်သီးအသင်း နှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ယူနိုင်ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ဗဟိုနောက်ခံလူ ရူဒီဂါဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို သူ့ရဲ့ နိုင်လိုစိတ် ပြင်းထန်မှု ၊ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိမှု ၊ လိုအပ်ရင် သွင်းဂိုးတွေ သွင်းယူပေးနိုင်မှုတို့ကြောင့်ပဲ ချယ်လ်ဆီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်နေသူပါ။

Photo Credit: Marca

ဒါပေမယ့် ချယ်လ်ဆီးနဲ့ ရူဒီဂါတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေသလို ဗြိတိန်အစိုးရက ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ချယ်လ်ဆီးရဲ့ ဘဏ္ဍာရေးကို ထိန်းချုပ်ထားတာကြောင့်ပဲ ချယ်လ်ဆီးအနေနဲ့ သူတို့ရဲ့ အဓိက ခံစစ်မှူး ရူဒီဂါကို စာချုပ်သစ် ချုပ်ဆိုဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့်ပဲ ရူဒီဂါဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ ချယ်လ်ဆီးကို စွန့်ခွာရဖို့ ရှိနေပြီး ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ၊ စပိန်လာလီဂါ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချဉ်းကပ် ကြိုးစားနေကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Marca

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ရူဒီဂါကို ခေါ်ယူနိုင်ဖို့ အတွက် သူ့ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ အသီးသီး ပြုလုပ်ထားသလို သုံးသင်းစလုံးက ရူဒီဂါ လိုချင်နေတဲ့ လုပ်ခလစာကို ပေးချေဖို့ လိုလိုလားလား ရှိနေတာကြောင့် ရူဒီဂါရဲ့ အသင်းသစ်က အဆိုပါ သုံးသင်းထဲက တသင်း ဖြစ်လာနိုင်ပြီး ရူဒီဂါအနေနဲ့ ချယ်လ်ဆီးရဲ့ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ထက် ရီးရဲလ်မက်ဒရစ် (သို့) ဘာစီလိုနာကိုသာ ရွေးချယ်ဖို့ ရှိနေကြောင်းလည်း သိထားရပါတယ်။