ပြီးခဲ့တဲ့ရက်ပိုင်းကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)မှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲဲ့ပြီး အသင်းအတွက် အကျိုးပြုနိုင်လောက်အထိကို ခြေစွမ်းပြကစားနိုင်ခြင်းတော့ မရှိခဲ့ပေမယ့် အားပါပြင်းထန်လှတဲ့ အဝေးကန်ချက် အပျက်နည်းတဲ့ ဘောလုံးပေးပို့မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး ပြိုင်ဘက်ဝုလ်ဗ်အသင်းက ကစားသမားတွေရဲ့ ချီးကျူးမှုကိုလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။

Photo Credit : Getty Images

အသက်၂၅နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားလေး ဖာနန်ဒက်စ်ဟာ သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်မှာပဲ ဂိုးကန်ချက် ၅ကြိမ်ကို ပြုလုပ်ခဲဲ့ရာမှာ ၃ကြိမ်ဂိုးပေါက်တည့်မတ်ခဲ့ပြီး ၁ကြိမ်က ဂိုးပေါက်လွဲချော်ခဲ့သလို ၁ကြိမ်ကိုတော့ ဝုလ်ဗ်ဘက်ကနေ တားဆီးနိုင်ခဲ့ပါတယ်။ ဘောလုံးပေးပို့မှုပေါင်း ၈၈ကြိမ် ပြုလုပ်ခဲ့ရာမှာလည်း ရ၈%အထိ အောင်မြင်ခဲ့ပါတယ်။ သူရဲ့အကောင်းဆုံး Key Passes တွေကို မမြင်တွေ့ခဲ့ရပေမယ့်လည်း ပွဲဦးထွက်မှာ ပရိသတ်တွေ စိတ်မညစ်သွားစေအောင် ကစားပြနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ကို ဝုလ်ဗ်ကွင်းလယ်လူလည်းဖြစ် ဖာနန်ဒက်စ်ရဲ့ပေါ်တူဂီအသင်းဖော်လည်းဖြစ်တဲ့ ရူဘင်ဒီယက်စ်က ချီးမွမ်းသွားခဲ့ပါတယ်။

Photo Credit : Getty Images

ရူဘင်ဒီယက်စ်က “နိုင်ငံတကာလက်ရွေးစင်အသင်းမှာ အသင်းဖော်ဖြစ်နေကြတဲ့ ကစားသမားတွေနဲ့ ကလပ်အသင်းမှာ အခုလို ပြိုင်ဘက်တွေအဖြစ် ပြန်လည်ဆုံရတာက အရမ်းကောင်းတယ်။ ကျွန်တော် သူဒီကိုရောက်လာခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း ပျော်ရွှင်မိပါတယ်။ သူက အမိုက်စားလိဂ်ပြိုင်ပွဲကြီးရဲ့ တကယ့်ဂန္တဝင်အသင်းကြီးတစ်သင်းမှာ ကစားနေရတာလေ။ အခု သူဘာတွေကို လုပ်ဆောင်ပြနိုင်သလဲဆိုတာ အားလုံးကို ချပြလို့ရပါပြီ သူမှာ စွမ်းဆောင်ရည်ကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားပါတယ်။ တကယ့်ကို ကစားသမားကောင်းတစ်ယောက်ပါပဲ” လို့ Sky Sports ရုပ်သံနဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်က သူရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ သူရဲ့ပေါ်တူဂီအသင်းဖော်တွေများစွာ ပါဝင်လို့နေတဲ့ ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့ရတာဖြစ်ပြီး ဂျာအိုမော်တင်ဟို ရူဘင်နီဗက်စ်တို့လို ပေါ်တူဂီကွင်းလယ်ကစားသမားတွေ ပါဝင်နေတဲဲ့ ဝုလ်ဗ်ကွင်းလယ်လုပ်အားကြောင့် ဖာနန်ဒက်စ်အတွက် ကစားပေါက်ခက်ခဲခဲ့ရသလို ယူနိုက်တက်ကွင်းလယ်လူ ပါရဲရားကလည်း ကွင်းလယ်တိုက်စစ်မှာ ဝင်ဝင်ကစားနေလို့ ဖာနန်ဒက်စ်အတွက် နေရာလွတ်ရှာတဲ့အခါမှာ အနည်းငယ်ခက်ခဲခဲ့ရပါတယ်။