မန်ချက်စတာ စီးတီး နောက်ခံကစားသမား ရူဘင် ဒီယက်စ်က နော်တင်ဟမ် ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဖောရက် အိမ်ကွင်းဖြစ်တဲ့ စီးတီးဂရောင်းဒ်ကွင်းရဲ့ မြက်ခင်းတွေဟာ အရမ်းခြောက်သွေ့နေတယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဖောရက်စ် တောင်ပံကစားသမား ကယ်လမ် ဟတ်ဆန်-အိုဒွိုင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးက စီးတီးကို ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ ကိုးကြိမ်မြောက် ရှုံးနိမ့်မှု ဖြစ်စေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဆက်လက် ရုန်းကန်နေရချိန်မှာ ဒီရှုံးပွဲ ထပ်တိုးလာခဲ့တာက စီးတီးအတွက် ခေါင်းခြောက်စေရပါတယ်။

Photo Credit : The Telegraph

စီးတီး နောက်ခံလူ ဒီယက်စ်က သူတို့အသင်းဟာ ပွဲကို ထိန်းချုပ်ထားခဲ့တယ်လို့ အခိုင်အမာ ပြောခဲ့ပေမယ့် ပက်ပ် ဂွါဒီယိုလာရဲ့ အသင်းဟာ ဘောလုံးကို လျင်မြန်စွာ ရွှေ့ပြောင်းမှု မလုပ်နိုင်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။ ဒါကို သူက ကွင်းမြက်ခင်းရဲ့ အခြေအနေကြောင့်လို့ ဆက်စပ်ပြောခဲ့ပါတယ်။“ကွင်းမြက်ခင်း ခြောက်သွေ့နေတာက အရာအားလုံးကို နည်းနည်း ခက်ခဲစေတယ်။”

“ပြီးခဲ့တဲ့ ရာသီကလည်း ဒီလိုပဲ ဖြစ်ခဲ့တယ်။ ဖူလမ်နဲ့ ပွဲမှာလည်း ဒီလိုပါပဲ။ ဒါက ရာသီဥတုပေါ်မှာလည်း မူတည်တယ်။ ပွဲကို မြန်မြန်ဆန်ဆန်ဖြစ်အောင် လုပ်ဖို့ အားလုံးရဲ့ စေတနာကောင်းပေါ်မှာလည်း မူတည်တယ်။” လို့ ဒီယက်စ်က ဆိုပါတယ်။ ကိုင်း ဝေါ်လ်ကာကလည်း ပြီးခဲ့တဲ့ နှစ်က ဒီပွဲမှာ အလားတူ မကျေနပ်မှုတွေ ရှိခဲ့ပြီး ပွဲစီမံခန့်ခွဲသူကို တရားဝင် တိုင်ကြားခဲ့ပါတယ်။

Photo Credit : Manchester City FC

ဒီယက်စ်က ဒီရာသီမှာ လက်ကျန်ပွဲ (၁၀)ပွဲကို ရင်ဆိုင်ရတော့မယ့်အချိန် အသင်းအတွက် ခိုင်မာတဲ့ ခေါင်းဆောင်တွေ လိုအပ်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ “ကျွန်တော် အသင်းက အားကောင်းတယ်လို့ ခံစားရတယ်။ ဒါပေမယ့် အသေးစိတ်အချက်တွေဖြစ်တဲ့ ဂိုးမပေးရအောင် အချို့အချိန်တွေမှာ ပိုကောင်းအောင် လုပ်ဖို့ ဘောလုံးကို ပိုမြန်အောင် ရွှေ့ဖို့ ကြိုးစားတာတွေ ဒီအသေးအဖွဲတွေ အားလုံးက အရေးကြီးတယ်။”

“သိသာပါတယ်။ အနိုင်ရဖို့ အမြဲ ကြိုးစားပြီး အရာအားလုံးကို နောက်ဆုံးထိ တိုက်ယူရတဲ့ အခြေအနေကနေ လာခဲ့ပြီး အခု ဒီလို ဖြစ်နေတဲ့အခါ လက်ခံဖို့ မလွယ်ဘူး။ ဒါပေမယ့် ဒါက ကျွန်တော်တို့ရဲ့ စိန်ခေါ်မှု ဖြစ်တယ်။ အခု အဆင့်(၄)နေရာအတွက် တိုက်ပွဲဝင်ရတာက ကျွန်တော်တို့ရဲ့ ဖိုင်နယ်ပွဲပဲ။ ဒီရာသီမှာ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေကို အနိုင်ရဖို့လို့ သတ်မှတ်ထားတယ်။ ဒါက အားလုံးပါ။ ယှဉ်ပြိုင်မှု စိတ်ဓာတ်ကစလို့ အသေးစိတ်တိုင်း ပြည့်စုံအောင် လုပ်ဖို့ အားလုံးပါ။ ဒါက အနိုင်ရဖို့ နည်းလမ်းပဲဆိုတာ သံသယမရှိပါဘူး။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ အရင်က အနိုင်ရခဲ့တယ်။ အခုလည်း ဒီလို တိုက်ပွဲဝင်ရမှာပါ။” ဒီယက်စ်က ပြောဆိုလိုက်ပါတယ်။