ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီး အသင်းဟာ အသင်းရဲ့ လိုအပ်ချက် တစ်ခုလို ဖြစ်နေတဲ့ ဗဟိုခံစစ် နေရာ အတွက် ဘင်ဖီကာ အသင်းရဲ့ ဗဟိုခံစစ်မှူး ရူဘင် ဒိုင်ယက် ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ် ထားတယ် လို့ ဥရောပ အခြေစိုက် သတင်း မီဒီယာတွေရဲ့ ဖော်ပြချက်များ အရ သိရှိ ရပါတယ်။ မန်စီးတီး အသင်းဟာ လက်ရှိမှာ လာပေါ့တ် ၊ ဂါစီယာ ၊ ဂျွန်စတုန်း ၊ အော်တာမန်ဒီ ၊ နသန်အကီ စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင် ထားပေမယ့် တကယ်တမ်း အသင်းအတွက် ပုံမှန် ခြေစွမ်း ပြနိုင်တဲ့ နောက်ခံလူ ဟာ လာပေါ့တ်နဲ့ အကီ နှစ်ဦးထဲသာ ရှိပြီး ဂါစီယာဟာလည်း သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ် နေသူပါ။

Photo Credit: Daily Mail

ဒါ့ကြောင့်ပဲ မန်စီးတီး အသင်းဟာ ယခု နွေစျေးကွက် အတွင်းမှာ အရည်အသွေးမြင့် ဗဟို ခံစစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစား နေတာပါ။ ကနဦး မှာတော့ မန်စီးတီး အသင်းဟာ နာပိုလီ အသင်းရဲ့ ခံစစ်မှူး ကူလီဘလီကို ခေါ်ယူဖို့ အဓိကထား ကြိုးပမ်း ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုဟာ အဆင်မပြေ ခဲ့ပါဘူး။ အဲ့ဒီနောက် မှာတော့ မန်စီးတီး အသင်းဟာ ဆီဗီးလား နောက်ခံလူ ကူအန်ဒီကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစား ခဲ့ပေမယ့် ဆီဗီးလားအသင်း က ကူအန်ဒီကို လက်ရှိ နွေစျေးကွက် အတွင်းမှာ ရောင်းချဖို့ ခဲယဉ်းတာကြောင့် နောက်ခံလူသစ် တစ်ဦးကို ထပ်မံ ရှာဖွေ ခဲ့ရပြီး ရူဘင် ဒိုင်ယက် ကို ခေါ်ယူဖို့ မျက်စိ ကျသွားတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာ ထွက်ပေါ် နေတဲ့ သတင်းတွေ အရတော့ မန်စီးတီး အသင်းဟာ ရူဘင် ဒိုင်ယက်ရဲ့ အပြောင်းအ​ရွှေ့ အတွက် ဘင်ဖီကာ အသင်းနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ အားလုံး ပြီးပြတ်သွားပြီ ဖြစ်ကြောင်း သိထားရပြီး မန်စီးတီး အသင်းဟာ ရူဘင် ဒိုင်ယက်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၀ သန်း + အပိုဆုကြေး ယူရို ၁၅ သန်းနဲ့ ခေါ်ယူ နိုင်ခဲ့တာ ဖြစ်ကြောင်း ပေါ်တူဂီ သတင်းဌာနတွေ က ဆိုပါတယ်။ အဆိုပါ သတင်းတွေကို နာမည်ကြီး သတင်းထောက် ဖြစ်သူ Fabrizio Romano ကလည်း အတည်ပြု ပေးထားပြီး မန်စီးတီး အသင်းဟာ အသင်းရဲ့ နောက်ခံလူ အော်တာမန်ဒီ ကို ဘင်ဖီကာ အသင်းထံ အလိုက်ပေးဦးမှာ ဖြစ်ပြီး မန်စီးတီး အသင်းအနေနဲ့ ဒိုင်ယက် အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း အသုံးပြုရမယ် လို့လည်း Romano က ပြောပြ သွားခဲ့ပါတယ်။