စပို့တင်း လစ္စဘွန်းအသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အမော်ရင်ဟာ လက်ရှိမှာတော့ အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်တွဲသွားဖို့ အလွန် နီးစပ်လျက် ရှိနေတယ်လို့ သတင်းတွေ အတော်လေး ထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနှစ် ဘောလုံးရာသီ အစပိုင်းမှာပဲ ရလဒ်ဆိုးတွေကြောင့် အသင်းနည်းပြ တန်ဟက်ဂ်နဲ့ လမ်းခွဲပြီး လက်ထောက်နည်းပြလည်းဖြစ် ကစားသမားဟောင်းလည်းဖြစ်တဲ့ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခေတ္တ တာဝန်ပေးထားခဲ့ပါတယ်။
Photo Credit : Caught Offside
ယူနိုက်တက်က နစ္စတဲလ်ရွိုင်းကို ဒီနှစ်ဘောလုံးရာသီ တစ်ခုလုံးအထိ ယာယီနည်းပြအဖြစ် တာဝန်ပေးသွားဖို့ အစီအစဉ် မရှိဘဲ ဒီကာလအတွင်းမှာ နည်းပြသစ် ခန့်အပ်ဖို့ကို အသေအချာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က ဇာဗီ ၊ အမော်ရင် ၊ သောမတ်စ် ဖရန့် ၊ ဆောက်ဂိတ် ၊ နာဂယ်စ်မန်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်နဲ့ တန်ဟက်ဂ်တို့ လမ်းမခွဲခင် ရက်ပိုင်းလောက်တုန်းက ယူနိုက်တက်ဟာ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တန်ဟက်ဂ် မရှိတော့ချိန်မှာတော့ ယူနိုက်တက်က ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ အမော်ရင်နဲ့ ပိုမိုပြီး သတင်းထွက်လာခဲ့ရပါတယ်။
Photo Credit : Sky Sports
အသက် (၃၉)နှစ်သာ ရှိသေးတဲ့ နည်းပြ အမော်ရင်ဟာ စပို့တင်းအသင်းကို ပေါ်တူဂီ အမှတ်ပေးဖလား (၂)ကြိမ်အထိ ရယူပေးထားနိုင်သလို ဒီရာသီမှာဆိုရင်လည်း ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်လို့နေပါတယ်။ အသက် ငယ်ရွယ်ပြီး နည်းပြ အတွေ့အကြုံ နုနေသေးပေမယ့် အရည်အသွေးကောင်းသူလည်း ဖြစ်သလို ပေါ်တူဂီ ကွင်းလယ်ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်လို့ ဘောလုံးပညာပိုင်းမှာလည်း ကြွယ်ဝနေပါတယ်။
ဒါကြောင့်လည်း သူ့ကို လီဗာပူးလ် ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတွေကပါ စိတ်ဝင်စားခဲ့တာ ဖြစ်သလို အခုတော့ ယူနိုက်တက်ကလည်း တန်ဟက်ဂ်နေရာအတွက် အမော်ရင်ကို အလိုရှိလာခဲ့ရာ ရိုမာနိုရဲ့ ဖော်ပြချက်အရ အမော်ရင်ကိုယ်တိုင်လည်း ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်အားထက်သန်လာခဲ့ပြီး အသင်းဆီကို ဖိအားပေးမှုတွေ မပြုလုပ်ဘဲ ကလပ်အသင်း အချင်းချင်းသာ သဘောတူညီမှု ရမယ်ဆိုရင် ယူနိုက်တက်ကို ကိုင်တွယ်သွားဖို့ ready ဖြစ်နေပြီလို့ သိရပါတယ်။