MySport Myanmar

၇ဂိုးပြတ် ရှုံးနိမ့်တဲ့ပွဲမှာ ဝင်မကစားခဲ့ရလို့ ဘုရားသခင်ကို ကျေးဇူးတင်နေတဲ့ ရိုင်ကိန်း

အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၇-၀ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ အခုလိုမျိုး တသက်လုံး ရှက်နေရမယ့် ရှုံးပွဲမျိုးမှာ ဝင်မကစားခဲ့ရလို့ ဘုရားသခင်ကို ကျေးဇူးတင်မိကြောင်း ပြောရင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ နယူးကာဆယ်ကို အနိုင်ယူကာ ကာရာဘောင်းချန်ပီယံ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် ခါးသီးပြိုင်ဘက် လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၇-၀ ဆိုတဲ့ ရလဒ်နဲ့ စံချိန်တင် ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Express

လီဗာပူး ၇-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အဖွင့်ဂိုး မပေးရခင် အထိ မန်ချက်စတာ ယူနိုက်တက်က လီဗာပူးကို ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီး မိနစ်ပိုင်း အလိုမှာ ဂတ်ပိုရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရသလို ဒုတိယပိုင်းမှာ ဆိုရင်လည်း ကစားကွက် တည်လို့ မရတဲ့ အထိ ခြေစွမ်းတွေ ထိုးဆင်းသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ လီဗာပူးက ဒုတိယပိုင်း အတွင်းမှာပဲ သွင်းဂိုး ၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး လီဗာပူးအတွက် သွင်းဂိုးတွေကို ဆာလာ ၊ နူနက်ဇ် ၊ ဂတ်ပိုတို့က ၂ဂိုးစီ သွင်းယူပေးခဲ့ကြသလို လူစားဝင် တိုက်စစ်မှူး ဖာမီနိုကလည်း ၁ဂိုး ပါဝင် အားဖြည့် သွင်းယူပေးခဲ့ကာ မန်ချက်စတာ ယူနိုက်တက်ကတော့ သိက္ခာဆယ် ချေပဂိုး တဂိုးတောင် မရခဲ့ပါဘူး။

Photo Credit: Express

လီဗာပူး ၇-၀ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက် ဂန္တဝင် ရိုင်ကိန်းက သူဟာ ဒီလိုမျိုး ရှက်စရာကောင်းတဲ့ ရှုံးပွဲမျိုးမှာ ဝင်မကစားခဲ့ရလို့ ဘုရားသခင်ကို ကျေးဇူးတင်မိကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ထိပ်တန်းအသင်း တသင်း မဟုတ်သေးဘူးလို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်သွားပါတယ်။

ရိုင်ကိန်းက – “ပထမဦးဆုံးအနေနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်က ဒီလိုမျိုး ရှက်စရာကောင်းတဲ့ ရလဒ်နဲ့ ရှုံးနိမ့်တဲ့ အသင်းမျိုးမှာ မပါဝင်ခဲ့ရလို့ ကျေးဇူးတင်ချင်တာပါ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ ကစားသမားတွေက အခြေအနေတွေ ဆိုးပြီ ဆိုတာနဲ့ ပျောက်ကွယ်သွားကြတော့တာပါပဲ။ မန်ချက်စတာ ယူနိုက်တက်က ဘယ်တုန်းကမှ ထိပ်တန်းအဆင့်ကို ပြန်မရောက်ခဲ့သေးပါဘူး။ သူတို့က နိုင်ပွဲတွေ ဆက်တိုက် ရခဲ့ပေမယ့် သူတို့ကောင်းလို့ နိုင်တာမျိုး မဟုတ်ပဲ ပြိုင်ဘက်တွေက ညံ့နေလို့သာ နိုင်ခဲ့တာပါ။ ဝက်စ်ဟမ်း ၊ လက်စတာ စီးတီး စတဲ့ အသင်းတွေက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကို လွယ်လွယ်လေး ဆင်လို့ ရအောင် လမ်းဖွင့်ပေးခဲ့ကြလို့သာ သူတို့တွေ နိုင်နေခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version