အိုင်ယာလန်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရွိုင်ကိန်းက အင်္ဂလန်နဲ့ အိုင်ယာလန်အသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်မှာ အိုင်ယာလန်ဘက်အသင်းဆီ ဂိုးသွင်းယူခဲ့တဲ့ သူ့သမက်လောင်း တေလာ ဟားဝုဒ် ဘယ်လစ်ကို  နောက်ပြောင် သတိပေးသွားခဲ့ပါတယ်။

အသက် (၂၂)အရွယ်သာ ရှိသေးတဲ့ ဆောက်သမ်တန် နောက်ခံကစားသမားလေး ဘယ်လစ်ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဗဟိုခံစစ် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကမှ ဆောက်သမ်တန်ဆီ အငှားလာကစားရင်း ဒီနွေမှာတော့ ဆောက်သမ်တန်ကို အပြီးသတ် ပြောင်းရွှေ့ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : The Sun

ဆောက်သမ်တန်အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ အဓိကနေရာကနေ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဘယ်လစ်က ဒီနိုဝင်ဘာလအတွင်းမှာလည်း အင်္ဂလန် ယာယီနည်းပြ ကာစလေရဲ့ အင်္ဂလန် ကစားသမား ရွေးချယ်မှုမှာပါ ရွေးချယ်ခံခဲ့ရပြီး အိုင်ယာလန်အသင်းနဲ့ ပွဲစဉ်မှာပဲ စတင် ကစားခွင့် ရရှိခဲ့ပါတယ်။

ဗဟိုခံစစ်မှူး ဘယ်လစ်က အိုင်ယာလန်နဲ့ Nations League ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရင်း ပွဲဦးထွက်မှာပဲ သွင်းဂိုးပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ အင်္ဂလန် ယူ-၂၁ ကစားသမားကနေ လက်ရွေးစင်အသင်းရဲ့ ကစားသမား ဖြစ်လာတဲ့ ဘယ်လစ်အတွက်ကတော့ သူရဲ့ ပွဲဦးထွက်မှာ ပွဲဦးထွက်ဂိုးပါ သွင်းယူနိုင်ခဲ့တာက တကယ့်ကို အမှတ်တရ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒါ့အပြင် ဘယ်လစ်က အိုင်ယာလန် ဂန္တဝင် ကစားသမားဟောင်းကြီး ရွိုင်ကိန်းရဲ့ သမီး(၄)ဦးထဲကမှ လီအာကိန်းနဲ့ စေ့စပ်ထားသူလည်း ဖြစ်ပါတယ်။ ရွိုင်ကိန်းက သမီး(၄)ဦး သား(၁)ဦး ပိုင်ဆိုင်ထားသူဖြစ်ပြီး အခု သူ့သမီးရဲ့ သတို့သားလောင်း ဖြစ်လာမယ့် သူ့နိုင်ငံအသင်းဘက်ဆီ ဂိုးသွင်းလိုက်တာနဲ့ ဘယ်လစ်ကို ရွိုင်ကိန်းက “မင်္ဂလာပွဲက ကျင်းပရသေးတာ မဟုတ်ဘူးနော်။”

“ကိန်းမိသားစုမှာ ကိစ္စတွေက အလျင်အမြန်ပဲ ပြောင်းလဲသွားနိုင်တယ် ဆိုတာကို မင်းသိအောင် ပြောလိုက်ရပါစေကွာ။” လို့ နောက်ပြောင် ကျီစယ်သွားခဲ့ပါတယ်။ ဒီလို ကျီစယ်ပြီးနောက် ရွိုင်ကိန်းက အင်္ဂလန်နဲ့ ပွဲဦးထွက်မှာ ဂိုးပါ သွင်းယူနိုင်ခဲ့တဲ့ သူ့သားမက်လောင်း ဘယ်လစ်ကို ချီးကျူးစကားတွေပါ ပြန်လည် ပြောကြားသွားခဲ့ပြန်ပါတယ်။