ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်း ကတော့ သူဟာ နည်းပြတဦး အဖြစ် ပြန်လည် လုပ်ကိုင်ချင်ကြောင်း အတိအလင်း ဝန်ခံသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် အိုင်ယာလန် ဂန္တဝင် ကွင်းလယ်လူကြီး ရိုင်ကိန်းဟာ ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး ဆန်းဒါးလန်းအသင်းနဲ့ အက်စ်ဝှစ်အသင်းတို့ကို ကိုင်တွယ်ဖူးပေမယ့် အောင်မြင်မှု များများစားစားတော့ မရခဲ့ပါဘူး။

Photo Credit: Sky Sports

အစ်စ်ဝှစ်အသင်းနဲ့ လမ်းခွဲပြီးနောက် ရိုင်ကိန်းဟာ အိုင်ယာလန် လက်ရွေးစင်အသင်း ၊ ဗီလာအသင်းနဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းတို့ရဲ့ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့ပါတယ်။

ဘောလုံးရေးရာ သုံးသပ်သူ နယ်ပယ်ထဲကို ရောက်ရှိချိန်မှာတော့ ကစားသမားဘဝတုန်းက များပြားလှတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတဲ့ ရိုင်ကိန်းဟာ အတော်အသင့် အောင်မြင်ခဲ့ပြီး ဗြိတိန်ရဲ့ နာမည်ကြီး အားကစား သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ပင်တိုင် တင်ဆက်သူ အဖြစ်ပါ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ရိုင်ကိန်းကတော့ အောင်မြင်တဲ့ နည်းပြတဦး ဖြစ်ချင်တဲ့ ဆန္ဒကို လက်မလွှတ်လိုသေးပဲ သူဟာ သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်ကို စောင့်မျှော်နေဆဲ ဖြစ်ကြောင်းနဲ့ အကယ်၍ လာမယ့် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ ကမ်းလှမ်းမှု တစုံတရာ မရခဲ့ရင်တော့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ်ပဲ ဆက်လက် လုပ်ကိုင်တော့မယ်လို့ ဆိုလာပါတယ်။

ရိုင်ကိန်းက – “ကျွန်တော့်မှာ အမြဲတမ်း နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ချင်တဲ့ စိတ်ဆန္ဒ တခု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ်ပဲ ဆက်လက် လုပ်ကိုင်ခွင့် ရမယ် ဆိုရင်လည်း စိတ်ပျက်မိမှာတော့ မဟုတ်ပါဘူး။ တကယ်လို့သာ ကမ်းလှမ်းမှုတွေ မရတော့ဘူး ဆိုရင် နည်းပြလောကကို ကျောခိုင်းဖို့ စဉ်းစားထားပါတယ်။ ကျွန်တော် နောက်ထပ် တနှစ် ထပ်ပြီး စောင့်ကြည့်မယ်။ တကယ်လို့ နောက်နှစ်မှာသာ ကျွန်တော့်အတွက် နည်းပြအလုပ် မရှိပဲ ဘောလုံးရေးရာ သုံးသပ်သူအလုပ်သာ ရှိခဲ့မယ် ဆိုရင် တသက်လုံး ဘောလုံးရေးရာ သုံးသပ်သူ အလုပ်ကိုပဲ ဆက်လုပ်တော့မှာပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။