ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အိုင်ယာလန်တို့ရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်း ကတော့ သူဟာ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းကို တာဝန်ယူ ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ဝန်ခံသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် အိုင်ယာလန်သားကြီး ရိုင်ကိန်းဟာ နည်းပြလောကထဲကို ဝင်ရောက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘဝအစမှာလည်း ဆန်းဒါးလန်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

Photo Credit: Daily Star

ရိုင်ကိန်းဟာ ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြတဦး အဖြစ် အသက်မွေးဖို့ စတင် ကြိုးပမ်းတဲ့ အချိန်မှာပဲ ဆန်းဒါးလန်းကို နည်းပြဘဝ ပွဲဦးထွက် ကလပ်အဖြစ် စတင် ကိုင်တွယ်ခွင့် ရခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ရိုင်ကိန်းဟာ ဆန်းဒါးလန်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပြင်းထန်တဲ့ အုပ်ချုပ်မှုတွေကြောင့် အသင်းရဲ့ ကစားသမားတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဆန်းဒါးလန်းနည်းပြ နေရာကနေ နုတ်ထွက်ခဲ့ရသလို လက်ထောက်နည်းပြဘဝ ၊ ဘောလုံးရေးရာ သုံးသပ်သူ တဦးရဲ့ ဘဝတွေနဲ့သာ ကျင်လည်နေခဲ့ရသူပါ။

Photo Credit: Daily Star

ဒါပေမယ့် လက်ရှိမှာတော့ လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ဆီ တန်းတက်နိုင်အောင် ကြိုးစား ရုန်းကန်နေတဲ့ ဆန်းဒါးလန်းက ရိုင်ကိန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ရိုင်ကိန်းကလည်း သူ လိုချင်တဲ့ အရာတွေကိုသာ ဖြည့်ဆည်းပေးနိုင်ရင် ဆန်းဒါးလန်းဆီ ပြန်သွားမယ်လို့ ဖွင့်ဟ ဝန်ခံလာပါတယ်။

ရိုင်ကိန်းက – “ကျွန်တော်က နည်းပြတဦး အဖြစ် ပြန်လည် လုပ်ကိုင်ချင်နေပါပြီ။ ဒါပေမယ့် အသင်းကလည်း ခင်ဗျားကို လိုချင် ၊ ခင်ဗျားကလည်း အသင်းကို ကိုင်တွယ်ချင်နေပြီ ဆိုရင်တော့ ဒီနှစ်ခုကြားထဲမှာ သင့်တော်တဲ့ စာချုပ်တရပ် ရှိဖို့ လိုပါမယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့တွေ မကြာခင်မှာ မြင်တွေ့ရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။