မနေ့ညက စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း မန်ချက်စတာ ယူနိုက်တက်က အိမ်ရှင် နယူးကာဆယ်အသင်းကို ဒုတိယပိုင်းမှာ ခွင့်ပြုပေးခဲ့ရတဲ့ ဂိုးတွေနဲ့အတူ (၄)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရာ ယူနိုက်တက်ဟာ အခုဆို စိတ်ပိုင်းရော ရုပ်ပိုင်းပါ အားနည်းနေတဲ့အသင်း ဖြစ်နေပြီလို့ ကစားသမားဟောင်းကြီး ရွိုင်ကိန်းက ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်က ဒီပွဲမှာ အမှားများနေတဲ့ ဂိုးသမား အန်ဒရေ အိုနာနာကို အနားပေးခဲ့ပြီး အရန်ဂိုးသမား ဘာယင်ဒါ အပါအဝင် လူငယ် နောက်ခံအစွန်လူ ဟယ်ရီ အာမက်စ်လည်း ပွဲထွက်ကစားခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနေတဲ့ နယူးကာဆယ်ကလည်း ဒီပွဲမှာ နည်းပြအက်ဒီဟောင်း ဆေးကုသခံနေရလို့ ပွဲကို မကြီးကြပ်နိုင်ပေမယ့် ပြိုင်ဘက်ကိုတော့ အကောင်းဆုံး ကစားသွားနိုင်ပါတယ်။

Photo Credit : Man Utd News

ပထမပိုင်းမှာ တိုနာလီက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ဂါနာချိုက ပြန်လည် ချေပနိုင်လို့ ပထမပိုင်းက တစ်ဂိုးစီသရေ ဖြစ်ခဲ့သလို ယူနိုက်တက်ရဲ့ ပထမပိုင်း ကစားပုံဟာလည်း အမှားနည်းခဲ့သလို မဆိုဘူးလို့ ပြောနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားသမား တစ်ဦးချင်းဆီကနေ အမှားတွေ ရှိလာခဲ့ရင်း အဲ့ဒီအမှားတွေကနေပဲ ဂိုးတွေ အလွယ်တကူ ခွင့်ပြုလိုက်ရပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက “မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်က လုံးဝ မလုံလောက်ခဲ့ဘူး။ အခုဆို လိဂ်ပွဲစဉ်မှာ (၁၄)ပွဲတောင် ရှုံးနိမ့်ခဲ့ပြီ။ ဒါပေမယ့် အသင်းအတွက် အကြောင်းပြချက်တွေ ထပ်တလဲလဲ ရှာပေးနေရတုန်းပဲ။ အသင်းထဲမှာ ပြေးလွှားနိုင်စွမ်းရှိတဲ့ ကစားသမားတွေ မလုံလောက်သလို ပြေးလွှားဖို့ စိတ်အားထက်သန်တဲ့ သူတွေကလည်း နည်းပါးလွန်းတယ်။ ဂိုးသွင်းဖို့ ခြိမ်းခြောက်နိုင်စွမ်းကလည်း အားရစရာ မရှိဘူး။”

Photo Credit : The People Persons

“ပွဲမစခင်က ဒီအသင်းမှာ တိုးတက်လာတဲ့ လက္ခဏာတွေ ရှိတယ်။ ပိုကောင်းလာတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလို မမြင်ရဘူး။ ဒုတိယပိုင်းမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တစ်ခုကိုပဲ ထပ်ပြီး မြင်လိုက်ရတယ်။ ဒါက လုံလောက်တဲ့ အဆင့်မဟုတ်ဘူး။ ဒီကစားသမားအုပ်စုအတွက် စိုးရိမ်မိတယ်။ သူတို့မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ သန်မာမှု မရှိသလို အားကောင်းတဲ့ စုဖွဲ့မှုမျိုးလည်း မတွေ့ရဘူး။”

“မန်ချက်စတာ ယူနိုက်တက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော အားနည်းတဲ့ အသင်းတစ်သင်း ဖြစ်နေတယ်။” လို့ ပြတ်ပြတ်သားသားပဲ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ လာမယ့် ကြာသပတေးနေ့ အိုးထရက်ဖို့ဒ်မှာ လိုင်ယွန်အသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုကျော့အဖြစ် ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။