MySport Myanmar

လိဒ်စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂျေဒန်ဆန်ချိုကို ချီးမွှမ်းစကား ပြောဆိုလိုက်တဲ့ ရွိုင်ကိန်း

မနေ့ညက Elland Road ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်မန်ယူနိုက်တက်က (၂)ဂိုး(၄)ဂိုးနဲ့ အနိုင်ရသွားခဲ့ပြီး အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကလည်း ဒီပွဲမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသခဲ့သလို အသင်းရဲ့ သွင်းဂိုး(၂)ဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ ဒေါ့မွန်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ ရာသီအစမှာ အသင်းနဲ့ အံ့ဝင်အောင် ကစားဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာတော့ အသင်းအတွက် အတော်လေးကို အကျိုးပြုလာနိုင်ခဲ့သလို လိဒ်စ်နဲ့ပွဲမှာလည်း ဂိုးဖန်တီးမှု (၂)ကြိမ်ကိုပါ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဆန်ချိုဟာ သူရဲ့ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် (၂၁)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အသင်းအတွက် ခြေစွမ်းအမှန်တွေ ပြန်လည်ပြသထားနိုင်တဲ့ ဆန်ချိုနဲ့ပတ်သက်ပြီး ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက “သူက နည်းနည်း ရင်ကော့ပြီး ပြန်လာနိုင်ပါပြီ။ သူ့ကို ဒီလိုတွေ့မြင်ရတာလည်း ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီအစမှာတုန်းက သူ ပြင်းပြင်းထန်ထန်ကို ဝေဖန်ခံထားရတာကြောင့်ပါ။ ဒီနေ့ သူတော်တော်လေးကို ထူးချွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာလည်း သူရဲ့စွမ်းဆောင်ရည်တွေက အံ့မခန်းပါပဲ။ သူ ဒီကို စရောက်ရှိတုန်းက ဘောလုံးရတိုင်း နောက်ပြန်ပေးတာတွေ ရိုးရှင်းလွန်းတဲ့ ပေးပို့မှုတွေသာ ပြုလုပ်ခဲ့တာ။ အခု ပြီးခဲ့တဲ့ (၄)ပတ်လောက်ကနေ စတင်ပြီးတော့ သူ့ကို တစ်ဦးချင် ထိပ်တိုက်တွေ့ဆုံရတဲ့ အခြေအနေမျိုးတွေမှာ ပြေးလွှား ကျော်ဖြတ်တာတွေ လုပ်လာနိုင်တာကို တွေ့မြင်ထားခဲ့ရတယ်။ ဒေါ့မွန်အသင်းမှာ သူလုပ်ဆောင်နိုင်ခဲ့တဲ့ ကိန်းဂဏန်းတွေက တကယ့်ကို မယုံနိုင်စရာပါပဲ။ အခု အဲ့ဒီအတိုင်း သူလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ အခုလည်း သူက သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ သူရဲ့အရည်အသွေးတွေကို ပြသဖို့ စတင်နေပြီလို့ မြင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version