လီဗာပူးလ် နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေအဖြစ် ပွဲပြီးဆုံးသွားချိန် လီဗာပူးလ် အသင်းခေါင်းဆောင် ဗန်ဒိုက်က ဒီပွဲမှာ သူတို့အသင်း တစ်သင်းတည်းကသာ နိုင်ပွဲရယူချင်စိတ်နဲ့ ကစားသွားတာဖြစ်ကြောင်း ယူနိုက်တက်ကတော့ သရေတစ်မှတ်နဲ့ ကျေနပ်နေကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ဒီလို ပြောဆိုမှုကို မန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက လက်မခံပဲ ဗန်ဒိုက်က မောက်မာပြီး စိတ်ကြီးဝင်နေတဲ့သူလို့ ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သလို ဗန်ဒိုက်အနေနဲ့ ပြိုင်ဘက် ယူနိုက်တက်အသင်းအပေါ်မှာပါ လေးစားမှု မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : The Telegraph

“ဗန်ဒိုက်က ယူနိုက်တက်အသင်းအပေါ် လေးစားမှု ကင်းမဲ့ရာကနေ မောက်မာတဲ့ စကားတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးတော့ တစ်သင်းတည်းကပဲ နိုင်ပွဲရအောင် ကစားသွားခဲ့တယ်ဆိုပြီး သူပြောသေးတယ်။ ယူနိုက်တက်ကတော့ သရေတစ်မှတ်ကိုပဲ ကျေကျေနပ်နပ် ရှိနေခဲ့တယ်ပေါ့။”

“တစ်ခါတစ်ရံမှာ ကစားသမားတွေအနေနဲ့ သတိပေးချက်တွေ လိုအပ်နေပါတယ်။ ဒါက မောက်မာနေတဲ့ အပြောအဆိုတွေပါ။ တကယ်ဆိုရင် သူကိုယ်တိုင်ပဲ သူ လိုချင်တဲ့ ရလဒ်ကို ရအောင် လုပ်ခဲ့ရမှာလေ။ ဒါကမှ တကယ့် အသင်းကြီးတွေရဲ့ လုပ်ပုံကိုင်ပုံပါပဲ။ ပြီးတော့ လီဗာပူးလ်ဆိုတာကလည်း အနှစ်(၃၀)အတွင်းမှ ပရီးမီးယားလိဂ်ကို တစ်ကြိမ်ပဲ ရယူဖူးတာ။”

Photo Credit : beIN SPORTS

“သူပြောတဲ့ ရုန်းကန်နေရပါတယ်ဆိုတဲ့ အသင်းနဲ့ပဲ သူတို့အသင်းကို ကျွန်တော် အကြိမ်ကြိမ် ရင်ဆိုင်ပြီး နိုင်ပွဲတွေ ရယူခဲ့ဖူးတယ်။ သူ့အနေနဲ့ကတော့ ဘောလုံးပွဲတစ်ပွဲမှာ နိုင်ပွဲရယူဖို့အတွက် ကွဲပြားခြားနားတဲ့ နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။ ဘောလုံးမှာ ရလဒ်အပေါ် စိတ်ပျက်မိတဲ့ အချိန်တိုင်း အခုလို ဘဝင်မြင့်တဲ့ ပြောဆိုမှုတွေ လုပ်ဆောင်တက်ကြပေမယ့် အရေးကြီးတာက ရလဒ်ကောင်းဖို့ပါပဲ။”

“လီဗာပူးလ်အသင်းက ဒီပွဲမှာလည်း အခွင့်အရေးတွေ အများကြီး ရရှိခဲ့တာ။ ဒါပေမယ့် သူတို့က ဒါတွေကို အသုံးမချနိုင်ခဲ့ဘူး။ ဒါက သူတို့အသင်းရဲ့ အပြစ်ပဲလေ။ ယူနိုက်တက်အသင်းနဲ့ ဘာမှမဆိုင်တာ။ ဆိုတော့ ဗာဂျယ်ကိုယ်တိုင်ပါ သူ့အသင်းအတွက် ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူးလို့ပဲ ထင်မိတယ်။” လို့ ရွိုင်ကိန်းက ပြန်လည် မှတ်ချက်ပြုသွားခဲ့ပါတယ်။