Sky Sports ရုပ်သံရဲ့ နာမည်ကျော် ဘောလုံး pundit တွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဂျေမီ ရတ်နက်ပ်တို့ဟာ အာဆင်နယ်အသင်းက နောက်နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်မလားဆိုတဲ့ အကြောင်းအရာအပေါ် အမြင်ကွဲပြားစွာနဲ့ ပြောဆို သုံးသပ်ခဲ့ကြပါတယ်။

ဂန်းနားတွေဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် အမှတ်ပေး ဇယားထိပ်ကနေ ဦးဆာင်နေတဲ့ လီဗာပူးလ်ကို လိုက်မီဖို့ ရှိခဲ့တဲ့ မျှော်လင့်ချက်အနည်းငယ်လေးပါ အဆုံးသတ်သွားခဲ့ရပါတယ်။ လက်ရှိအချိန်အထိ အာဆင်နယ်က ဘောလုံးရာသီ (၃)ရာသီဆက်တိုက် အဆင့်(၂) နေရာနဲ့သာ ရပ်တည်သွားရဖို့ ရှိနေပြီး ယူနိုက်တက်ရဲ့ နာမည်ကျော် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း အာဆင်နယ်မှာ နောက်တစ်ဆင့် တက်လှမ်းနိုင်မယ်လို့ ယုံကြည်အောင် လုံလောက်တဲ့ အရာတွေ မမြင်ခဲ့ရဘူးလို့ ဆိုပါတယ်။

Photo Credit : Daily Mail

အာတီတာရဲ့ အသင်းက နောက်ရာသီမှာ ချန်ပီယံဖြစ်နိုင်မလားလို့ မေးခဲ့ချိန်မှာ ရွိုင်ကိန်းက “မမြင်ဘူး။ ဘာကြောင့် ကျွန်တော် ယုံရမှာလဲ။ နည်းပြက ဒါကို လုပ်နိုင်မယ်လို့ ဘာက ထင်စေတာလဲ။ သူတို့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ နီးနီးကပ်ကပ် ရောက်ခဲ့ပေမယ့်၊ မန်စီးတီးက နောက်နှစ်မှာ အားကောင်းနေမှာပဲ။ လီဗာပူးလ်လည်း အားကောင်းနေမယ်လို့ ယုံတယ်။ သူတို့ လုပ်နိုင်မယ်လို့ ထင်ဖို့ သက်သေက ဘယ်မှာလဲ။”

“တိုက်စစ်မှူး တစ်ယောက် ခေါ်ယူတာက ကူညီပေးနိုင်မှာပေါ့။ ဒါပေမယ့် သူတို့မှာ မှန်ကန်တဲ့ စိတ်ဓာတ် ရှိရဲ့လား။ နည်းပြမှာရော ရှိနေသလား။ သူတို့ အပတ်တိုင်း ရှုံးနေတဲ့အခါ တစ်မျိုးတစ်ဘာသာ မြင်ရတယ်။ ဒါပေမယ့် ရှုံးတဲ့အခါ စိတ်လှုပ်ရှားပြီး စိတ်ရှုပ်ထွေးနေကြတယ်။ တစ်ရာသီ ဂိုး(၂၀)လောက် သွင်းနိုင်မယ့် တိုက်စစ်မှူး တစ်ယောက် ခေါ်ယူလိုက်ရုံနဲ့ ကွာခြားမှု ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်တယ်။ မန်စီးတီးနဲ့ လီဗာပူးလ်က ဒီအတိုင်းပဲ ရပ်နေမှာလား။ သူတို့က ပိုတိုးတက်ဖို့ ကြည့်မှာပဲ။”

“ပက်ပ်က ပြန်လည် အားကောင်းလာမှာပါ။ လီဗာပူးလ်လည်း နောက်ရာသီမှာ ပိုအားကောင်းလာမယ်လို့ ထင်တယ်။ ချယ်ဆီးက ဘယ်လိုဖြစ်မလဲ မသိပေမယ့်၊ ဒီကစားသမားတွေက လုပ်နိုင်မယ်ဆိုတဲ့ သက်သေ ဘယ်မှာလဲ။ ယှဉ်ပြိုင်ဖို့ ကြိုးစားတာက ကောင်းပါတယ်။ ဒါပေမယ့် ချန်ပီယံဖလား ရဖို့က အဓိကပဲ။ လီဗာပူးလ်က ဒါကို ကြည့်ပြီး ဖိအားပေးခံရမယ်လို့ မထင်ဘူး။ အာဆင်နယ်က ချန်ပီယံလိုက်ဖို့ လက်လျှော့လိုက်ပြီလို့ သူတို့ ထင်မှာပါ။”

Photo Credit : Sky Sports

“တိုက်စစ်မှူး ပြဿနာက ရှိတာပေါ့။ ဒါပေမယ့် အလုပ်ကို ပြီးအောင် လုပ်နိုင်မယ့် စိတ်ဓာတ်မျိုး ရှိမယ်လို့ ကျွန်တော် ထင်ခဲ့သေးတယ်။ ဒါပေမယ့် ဒါက ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ သူတို့ ချန်ပီယံမဖြစ်ခဲ့တာ ဖလားတစ်လုံး မရခဲ့တာတွေကြောင့် စိတ်ပျက်စရာတွေ ရှိခဲ့မှာပါ။ ပြီးတော့ ဒဏ်ရာတွေ မြင်ရတယ်။ နည်းပြလည်း စိတ်ပျက်နေပုံရတယ်။”

“ချန်ပီယံဖလား လွင့်သွားပြီဆိုပေမယ့် သူ့အသင်းက ကောင်းတဲ့ စိတ်ဓာတ်ပြပြီး လီဗာပူးလ်ကို ဖိအားပေးဖို့ သူ လိုချင်မှာပါ။ ဒါပေမယ့် နောက်ဆုံး (၂)ပွဲ (၃)ပွဲမှာ အဲဒီစိတ်ဓာတ် ပျောက်သွားပြီ။ သူတို့ရဲ့ အရှိန်အဟုန် ပျောက်သွားတယ်။ ဒီနေ့ ဒီမှာ မြင်ရတာက လုံလောက်တဲ့ အဆင့် မဟုတ်ဘူး။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွက် ချီးကျူးချင်ပေမယ့် နောက်တစ်ဆင့်က အခက်ဆုံး အဆင့်ပါပဲ။” လို့ ရှင်းလင်း ပြောဆိုသွားပါတယ်။