ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာသာ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အိုင်ယာလန်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း ရိုင်ကိန်းဟာ ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူ တဦး ဖြစ်သလို ခပ်ဘွင်းဘွင်း ပြောတတ်တဲ့ စရိုက်ကြောင့် သူ့ရဲ့ ခန့်မှန်း သုံးသပ်ချက်တွေက ပုဂ္ဂိုလ်စွဲ ကင်းတယ်လို့ ဆိုကြပါတယ်။

Photo Credit: The Mirror

လက်ရှိမှာလည်း ရိုင်ကိန်းက သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ပဲ့ကိုင်ရှင် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးလာပြန်ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂွာဒီယိုလာ ၊ တူချယ်လ် ၊ ဂျာဂင်ကလော့ပ် ၊ ကွန်တီနဲ့ ရန်းဂ်နစ်တို့လို ထိပ်တန်းနည်းပြတွေ ရှိနေသလို နည်းပြတိုင်းက သူတို့ရဲ့ ကိုယ်စီ ကိုယ်စီ အားသာချက်တွေကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်သူက အကောင်းဆုံး နည်းပြလဲ ဆိုတာကို ပြောပြဖို့ ခက်ပါတယ်။

Photo Credit: The Mirror

ဒါပေမယ့် ရိုင်ကိန်းကတော့ ဂွာဒီယိုလာကသာ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်းနဲ့ ဘာကြောင့် အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ရလဲ ဆိုတာကိုပါ တပါထဲ ရှင်းပြသွားခဲ့ပါတယ်။

ရိုင်ကိန်းက – “ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့တွေ မန်စီးတီးအသင်းရဲ့ ပွဲတပွဲကို သုံးသပ်ခဲ့မှုနဲ့ ပတ်သတ်ပြီး အခုချိန်အထိ အမှတ်ရနေဆဲပါ။ အဲ့ဒီတုန်းက မန်စီးတီးအသင်းအနေနဲ့ ရလဒ်ကောင်း မရနိုင်ဘူးလို့ သုံးသပ်ခဲ့ပေမယ့် သူတို့က အလွယ်တကူပဲ ပွဲကို အနိုင်ရသွားခဲ့ပါတယ်။ ပြီးတော့ လိဂ်ချန်ပီယံ အဖြစ် အောင်ပွဲခံခဲ့ပါတယ်။ သူတို့ကို ကြည့်ရတာ လိဂ်ချန်ပီယံ ဖြစ်ဖို့ ဆိုတာ အရမ်းကို လွယ်နေသလိုပါပဲ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်က ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် မန်စီးတီးအသင်းကို လိုက်မှီနိုင်စွမ်း မရှိခဲ့ပါဘူး။ အဲ့ဒီကနေ စပြီး ကျွန်တော်က မန်စီးတီးအသင်းကို မဆန့်ကျင်ရဲတော့ပါဘူး။ လီဗာပူးနဲ့ ချယ်လ်ဆီးတို့က မန်စီးတီးကို ဖိအားမပေးနိုင်ဘူးလို့ ကျွန်တော် မသုံးသပ်ချင်ဘူး။ ဒါပေမယ့် မန်စီးတီးမှာ ဂွာဒီယိုလာ ရှိနေပါတယ်။ ခင်ဗျားတို့တွေ နည်းပြအားလုံးကို ခြုံပြီး ကြည့်လိုက်စမ်းပါ။ ဂွာဒီယိုလာက သူတို့အားလုံးထက် သာတဲ့ နည်းပြတဦးပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။