ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ရိုင်ကိန်းကတော့ လက်ရှိ အသင်းရဲ့ ကစားသမားတွေဟာ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကို သတ်နေတယ် လို့ ပြင်းပြင်းထန်ထန် ဝေဖန် သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမှတ်ပေးဇယားရဲ့ နံပါတ်် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အထိုက်အလျောက် ခြိမ်းခြောက်နိုင်လိမ့်မယ် လို့ ဘောလုံး သုတေသီတွေက ယူဆခဲ့ပေမယ့် တကယ်တမ်း မှာတော့ မန်ယူအသင်းဟာ ပုံမှန်ခြေစွမ်းကောင်း တစ်ခု ရရှိဖို့တောင် ရုန်းကန်နေရပါတယ်။

Photo Credit: Talksport

မန်ယူအသင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲ ကစားထားရာမှာ ၁ပွဲသာ အနိုင်ရခဲ့ပြီး ၂ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ အဆိုပါပွဲစဉ် သုံးပွဲမှာ သွင်းဂိုး ၅ဂိုးသာ သွင်းယူ နိုင်ခဲ့ပြီး ပေးဂိုး ၁၁ဂိုးအထိ ပေးခဲ့ရပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ မကြာမီမှာ အသင်းကနေ ထုတ်ပယ်ခံရတော့မယ် လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစား လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ရိုင်ကိန်းက အသင်းရဲ့ ကစားသမားတွေဟာ ယခင် နည်းပြဟောင်းတွေလိုမျိုး ဆိုးလ်ရှားကို သတ်နေပြီလို့ ဝေဖန် သွားခဲ့ပါတယ်။

Photo Credit: Talksport

မန်ယူအသင်းရဲ့အခြေအနေနဲ့ ပတ်သတ်ပြီး ရိုင်ကိန်းက “ စပါးအသင်းနဲ့ ပွဲစဉ်က ခြေစွမ်းဟာ အရမ်းကို ရှက်စရာ ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဘောလုံး ကစားခဲ့ဖူးပါတယ်။ ကျွန်တော်တို့မှာလည်း ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တချို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ကတော့ အသင်းရဲ့ တံဆိပ်နဲ့ မလိုက်ဖက်အောင်ကို ရှက်စရာ ကောင်းပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေက ဆိုးလ်ရှားကို အလုပ်ကနေ ပြုတ်အောင် လုပ်နိုင်ပါတယ်။ သူတို့က အရင်နည်းပြတွေကို အလုပ်ပြုတ်အောင် လုပ်ခဲ့ကြပါတယ်။ အခုလည်း သူတို့က အိုလီကို သတ်နေပါပြီ “ ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။