ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၁ အာဆင်နယ် ပွဲစဉ်အပြီးမှာပဲ အာဆင်နယ်နည်းပြ အာတီတာကို နာကျင်နေတဲ့ အရှုံးသမားလို့ ခေါင်းစဉ်တပ်ကာ ဝေဖန်သွားခဲ့ပါတယ်။

လတ်တလောမှာ ခြေစွမ်းကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အဓိကလက်နက် ဖြစ်တဲ့ တန်ပြန်တိုက်စစ်အားနဲ့အတူ အာဆင်နယ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အာဆင်နယ်က အဝေးကွင်းမှာ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် သူတို့အသင်း ပြသခဲ့တဲ့ ကစားဟန်နဲ့ ကစားကွက်ကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေရပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ ဒီနေ့ပွဲမှာ သူတို့အသင်းကသာ နိုင်ပွဲရဖို့ ပိုမို ထိုက်တန်ခဲ့ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့သလို သူတို့ရခဲ့တဲ့ ပထမ ဦးဆောင်ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

အာတီတာရဲ့ အဆိုပါ ပြောစကားတွေဟာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရိုင်ကိန်းကို ဒေါသထွက်စေခဲ့ပြီး ရိုင်ကိန်းက အာတီတာဟာ ရှုံးနိမ့်ပြီ ဆိုရင် ဆင်ခြေတွေသာ ပေးတတ်တဲ့ “နာကျင်နေတဲ့ အရှုံးသမား” လို့ နာမည်တပ် ဝေဖန်ခဲ့သလို ကစားကွက် လှလို့ ရတဲ့ လက်ခုပ်သံတွေပဲ ယူ ၊ ငါတို့ကတော့ ရမှတ် ၃မှတ်ပဲ ယူမယ်လို့လည်း ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit: Standard

ရိုင်ကိန်းက – “အာတီတာက နာကျင်နေတဲ့ အရှုံးသမား တယောက်လိုပါပဲ။ သူ့ကို ကြည့်လိုက်ရင် အမြဲတမ်း ဒိုင်တွေကို အပြစ်တင်ပြီး ဆင်ခြေတွေ အမျိုးမျိုး ပေးနေတာကို မြင်နေရပါတယ်။ သူက ယူနိုက်တက်ရဲ့ ကစားပုံကို နည်းနည်းလေးတော့ လေးစားပြီး အသိအမှတ် ပြုသင့်ပါတယ်။ သူက ဘယ်တော့မှ ပြိုင်ဘက်တွေကို အသိအမှတ်ပြုလေ့ မရှိပါဘူး။ ဆင်ခြေပေးနေတာတွေ ရပ်လိုက်ပါ။ မင်းက ၃-၁နဲ့ ရှုံးသွားတာလေ။ မင်းက ကစားပုံကောင်းလို့ ရတဲ့ လက်ခုပ်သံတွေကို အိမ်အထိ သယ်သွားလို့ ရတယ်။ ဒါပေမယ့် ငါတို့ကတော့ ၃မှတ်ပဲ ပိုလိုချင်တယ်” လို့ ပြောကာ အာတီတာကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။