ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ရိုင်ကိန်းကတော့ ယခုနှစ် ပရီးမီးယားလိဂ်မှာ မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ ဗိုလ်စွဲနိုင်ဖို့ ခက်ခဲလိမ့်မယ် လို့ သုံးသပ် ခန့်မှန်း သွားပါတယ်။ ရိုင်ကိန်းဟာ ယမန်နေ့ က ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်မှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် ဆောင်ရွက် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ပြသခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ခြေစွမ်းကို ကြည့်ကာ မန်စီးတီးအသင်း အနေနဲ့ ပရီးမီးယားလိဂ်ဖလား ကို ရယူနိုင်ဖို့ အရမ်းကို ခက်ခဲမှာ ဖြစ်ကြောင်း ဆိုသွားခဲ့တာပါ။

Photo Credit: Metro

လီဗာပူးအသင်းကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အနိုင်ရလဒ် ရရှိနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးတွေ ရခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ပြိုင်ဘက် လီဗာပူးအသင်းရဲ့ တိုက်စစ်ကိုလည်း ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ အထူးသဖြင့် မန်စီးတီး အသင်းဟာ အသင်းရဲ့ အမာခံ ကစားသမားတွေ ဖြစ်တဲ့ အဂူရို ၊ ဖာနန်ဒင်ဟိုတို့ အသက်အရွယ် ရလာတဲ့ အချိန်မှာ အသင်းရဲ့ ပုံစံကောင်း တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲနေတာကို မြင်တွေ့ ရပါတယ်။ ရိုင်ကိန်း ကတော့ မန်စီးတီးအသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကို ထောက်ပြသွားပြီး မန်စီးတီးအသင်းဟာ အဆိုပါ အားနည်းချက်ကြောင့် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အရမ်း ခက်ခဲမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ပါတယ်။

Photo Credit: Metro

မန်စီးတီးအသင်းနဲ့ ပတ်သတ်ပြီး ရိုင်ကိန်းက “ကျွန်တော့်အထင် ဒီနှစ်မှာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ဟာ မန်စီးတီးအသင်း အတွက် အရမ်းကို ခက်ခဲမှာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ ၂နှစ် ၊ ၃နှစ် အတွင်း သူတို့ ပြသနိုင်ခဲ့တဲ့ အဆင့်အတန်း တစ်ခုကို ပြသနိုင်မယ့် အနေအထားမှာ မရှိပါဘူး။ လီဗာပူးအသင်း အတွက်လည်း တူတူပါပဲ။ မန်စီးတီးအသင်းကို ခင်ဗျား ကြည့်လိုက်မယ် ဆိုရင် သူတို့ဟာ အားထားရတဲ့ ကစားသမားတွေကို ဆုံးရှုံးထားပါတယ်။ ပြီးတော့ သူတို့ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ဖလားတိုင်းကို စိန်ခေါ်ဖို့ ကြိုးစားသွားမှာပါ။ အခု သူတို့မှာ တိုက်စစ်မှူး ၂ယောက်ပဲ ရှိတယ်။ တစ်ယောက်က အဂူရို။ အသက် ၃၂နှစ် ရှိနေပြီ ဖြစ်သလို ဒဏ်ရာတွေလည်း များပြား နေပါတယ်။ ဒီနေရာက သူတို့အတွက် အားနည်းချက် တစ်ခုပါပဲ။ ဒါပေမယ့် ဒီအတွက် သူတို့ကိုယ်သူတို့ပဲ အပြစ် တင်ရမှာပါ” လို့ ပြောကြား သွားပါတယ်။