မနေ့ညက ဗီလာပတ်ခ်ကွင်းမှာ အက်စတွန်ဗီလာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်ယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ရပေမယ့်လည်း ဗီလာဘက်က ကစားသမားသစ် ကော်တင်ဟိုကို ထည့်သွင်းလာပြီးနောက်မှာ ကော်တင်ဟိုရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကြောင့် ချေပဂိုးတွေ ပြန်လည်ရယူနိုင်ခဲ့ပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။
Photo Credit : Daily Mail
ယူနိုက်တက်အသင်းဟာ ဒီရက်သတ္တပတ်အတွင်းမှာပဲ ဗီလာအသင်းနဲ့ အက်အေဖလားမှာရော ပရီးမီးယားလိဂ်မှာပါ ဆက်တိုက်တွေ့ဆုံခဲ့ရတာဖြစ်ပြီး အက်အေဖလား တတိယအဆင့်မှာတော့ တွမ်မီနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဗီလာပတ်ခ်မှာ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားခဲ့ရာကနေ ချေပဂိုး(၂)ဂိုး ပြန်လည်ခွင့်ပြုခဲ့ရပြီး (၂)ဂိုးစီနဲ့သာ သရေကျသွားခဲ့ရပါတယ်။ ဒီလို ပြိုင်ဘက်အသင်းကို ဦးဆောင်ထားပြီးမှ သရေကျပြီး တစ်မှတ်သာ ခွဲယူလိုက်ရတာကြောင့် ယူနိုက်တက်အတွက် နစ်နာစရာ ဖြစ်ခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက်မှာပါ နိုင်ပွဲပျောက်ဆုံးထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
Photo Credit : Daily Mail
ဒီသရေပွဲနဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်တဲ့ ရွိုင်ကိန်းက “ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းက ထိန်းချုပ်မှုတွေ ကင်းမဲ့လို့နေရတယ်။ ဒီသရေပွဲကြောင့် ခင်ဗျားအနေနဲ့ ဗီလာအသင်းကို မလိုမုန်းတီးလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဒီလို အခြေအနေ မဖြစ်လာဖို့အတွက် မထိန်းသိမ်းနိုင်ခဲ့ဘူး။ ကာဗာနီက ဒီပွဲမှာ ညံဖျင်းခဲ့တယ်လို့ ထင်ခဲ့ရပေမယ့် ရန်းနစ်က သူ့ကို ပွဲပြီးဆုံးချိန်ထိ ကွင်းထဲမှာပဲ ဆက်လက်ထားရှိတာကတော့ တကယ်ကို အံ့သြစရာကောင်းပါတယ်။ အမှတ်ပေးဇယားကတော့ မလိမ်ညာပါဘူး။ အပေါင်းလက္ခဏဆောင်တာတွေ ရှိနေသေးပါတယ်။ ဒါပေမယ့် အာနည်းချက်တွေလည်း ရှိနေသေးတယ်။ တစ်စုံတစ်ယောက်လောက်က ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်လိုက်ရရင် အသင်းရဲ့ စည်းချက်တွေပါ ပျက်ဆီးသွားတတ်တာမျိုး ဖြစ်လာတတ်ပါတယ်။ လက်ရှိမှာတော့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းက အတော်လေးကို အားနည်းနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။