ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ ဩဇာကြီးမားတဲ့ အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်ဖူးသူ အိုင်ယာလန် ဘောလုံးသမားကြီး ရွိုင်ကိန်းကတော့ သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိ အသင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ရောင်းချကာ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ကို ဝယ်ယူဖို့ အကြံပေးလိုက်ပါတယ်။ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ဂျူဗင်တပ်အသင်းမှာ ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာဖို့ စဉ်းစားနေသူပါ။ ဒါပေမယ့် တစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို လက်မလွှတ်ချင်ပဲ ရောင်းချရပါကလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်ကို ရမှသာ ရောင်းချချင်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သူ ရွိုင်ကိန်းကတော့ ပေါ့ဘာလို ကစားသမားမျိုးကို ယူနိုက်တက်က လွမ်းနေစရာ မလိုကြောင်းနဲ့ ပေါ့ဘာကို ရောင်းပြီး ဂရီးလစ်ချ်ကို ဝယ်ယူလိုက်ပါလို့ တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

Photo Credit: The Sun

ရွိုင်ကိန်းက – “ဂရီးလစ်ချ်က မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ကစားပေးနိုင်စွမ်း မရှိဘူးလို့ ထင်လား။ အဲ့ဒါဆိုရင် ယူနိုက်တက်အသင်းက ပေါ့ဘာကို ပြီးခဲ့တဲ့ ၃နှစ် ၊ ၄နှစ်အတွင်း ပိုင်ဆိုင်ခဲ့ပေမယ့် သူတို့တွေ လိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့လား။ မနီးစပ်ခဲ့ဘူးလေ။ ကျွန်တော်ကတော့ ဂရီးလစ်ချ်နဲ့ ပေါ့ဘာကို အလဲအလှယ် လုပ်လို့ရရင် လုပ်ချင်ပါတယ်။ ပြီးတော့ ဂရီးလစ်ချ်က ယူနိုက်တက်အသင်း လိုအပ်နေတဲ့ နေရာတွေမှာ ကစားပေးနိုင်စွမ်း ရှိပါတယ်။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲဗျာ” လို့ ပြောကြားခဲ့တာပါ။ အသက် ၂၅နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဂရီးလစ်ချ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူတဦး ဖြစ်ပြီး ဗီလာအသင်းကတော့ ဂရီးလစ်ချ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းခန့် လိုချင်နေပါတယ်။