ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းက တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၀-၀ အာဆင်နယ် ပွဲအပြီးမှာ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးက ရရှိသွားလိမ့်မယ်လို့ အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။

ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီး ၊ ပြီးခဲ့တဲ့ရာသီမှာ မြင်းကောင်းခွာလိပ် ဖြစ်ခဲ့တဲ့ အာဆင်နယ်နဲ့ နောက်ပိုင်းနှစ်တွေမှာ မန်ချက်စတာ စီးတီးရဲ့ အကြီးမားဆုံးပြိုင်ဘက် ဖြစ်နေတဲ့ လီဗာပူးတို့က အပြိုင် ယှဉ်ပြိုင်နေကြပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) ပြီးဆုံးသွားချိန်မှာတောင် ဘယ်အသင်းက ချန်ပီယံ ဖြစ်မလဲ ဆိုတာ အတပ် ပြောလို့ မရသေးပါဘူး။

Photo Credit: This is Anfield

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ရင်ဆိုင် ကစားခဲ့ကြရာ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် နှစ်သင်းစလုံးက ရမှတ် ၂မှတ်စီ ဆုံးရှုံးခဲ့ရပြီး လီဗာပူးက အဆိုပါ သရေပွဲကြောင့် အဆင့်(၁)နေရာကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ လီဗာပူးက ရမှတ် ၆၇မှတ်နဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားပြီး အာဆင်နယ်က ရမှတ် ၆၅မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေကာ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကတော့ ရမှတ် ၆၄မှတ်နဲ့ အဆင့်(၃)နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Metro

အဆင့်(၁)နဲ့ အဆင့်(၃) ကြားထဲမှာ ရမှတ် ၃မှတ်သာ ကွာဟချက် ရှိနေတာကြောင့် ဘယ်အသင်းက ချန်ပီယံ ဖြစ်မလဲ ဆိုတာ ခန့်မှန်းရ ခက်နေပြီး ယူနိုက်တက်ဂန္တဝင် ရိုင်ကိန်းကတော့ သူဟာ လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြောင်းနဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ကြောင်း ဆိုလာပါတယ်။

ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ရိုင်ကိန်းက – “လီဗာပူးလို့ပဲ ထင်ပါတယ်။ လီဗာပူးက အခုချိန်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းလို့ ပြောချင်ပါတယ်။ အာဆင်နယ်က ဂိုးကွာခြားချက် အားသာချက်ကြောင့် ဒုတိယမြောက် ရေပန်းအစားဆုံးအသင်းပါ။ မန်ချက်စတာ စီးတီးကတော့ သူတို့ရဲ့ ဒဏ်ရာရ ကစားသမား များပြားနေမှုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့ကြောင့် ရေပန်းအစားဆုံးစာရင်းမှာ တတိယနေရာကိုပဲ ရပါမယ်။ ကျွန်တော်က လီဗာပူးရဲ့ ပွဲတွေကို ကြည့်တဲ့ အခါတိုင်း သူတို့အသင်းက အမှား ၁ကြိမ် ၊ ၂ကြိမ် လုပ်လေ့ ရှိတာကို မြင်ရပါတယ်။ ဒါပေမယ့် လီဗာပူးက ပွဲတိုင်းမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရတတ်ပါတယ်။ ဒါကြောင့် သူတို့က သွင်းဂိုးတွေ အများကြီး ထပ်ပြီး သွင်းယူနေပါလိမ့်မယ်။ မကြာသေးခင်တုန်းက ကျွန်တော်ဟာ မန်ချက်စတာ စီးတီးက ချန်ပီယံ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပေမယ့် အခုတော့ လီဗာပူးနဲ့ပဲ ရပ်တည်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။