ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်း ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ မန်ချက်စတာဒါဘီမှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ၊ ခြေပြတ် အရေးနိမ့်ခဲ့ပြီးနောက် ပွဲအတွင်းမှာ အသင်းအတွက် ပေးဆပ် ကစားလိုစိတ် နည်းပါးခဲ့တဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂၈) အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အိမ်ရှင် မန်ချက်စတာ စီးတီးဟာ မန်ချက်စတာ ယူနိုက်တက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့သလို မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားမှာ ခြေစွမ်းပိုင်း ကွာဟချက်ကလည်း အတော်လေးကို မြင့်မားခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅မိနစ်နဲ့ ၂၈မိနစ်မှာ ဒီဘရိုင်း ၊ ပွဲကစားချိန် ၆၈မိနစ်နဲ့ ၉၀+၁မိနစ်မှာ မာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက် အတွက် သိက္ခာဆည် ချေပဂိုးကိုတော့ ပွဲကစားချိန် ၂၂မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုက သွင်းယူပေးခဲ့တာပါ။

မန်ချက်စတာဒါဘီမှာ ရှုံးနိမ့်ခဲ့မှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ရရှိရေး အိမ်မက်က အတော်လေး မှေးမှိန်ခဲ့ရပြီး ရိုင်ကိန်းကတော့ မန်ချက်စတာဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ အသင်းအတွက် ပေးဆပ် ကစားခဲ့ခြင်း မရှိသလို မကန်ခင်ထဲက အရှုံးပေးနေတဲ့ကောင်တွေ လို့ ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Metro

ရိုင်ကိန်းက – “ကစားသမားတွေက ဒီပွဲကို လိုလိုလားလား အရှုံးပေးခဲ့ကြတာပါ။ ဒါက ကစားသမား တယောက် အတွက် ခွင့်လွှတ်ပေးစရာ အကြောင်းအရင်း မရှိတဲ့ လုပ်ရပ်တခုပါပဲ။ ဒီပွဲက ပွဲကောင်းတပွဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ယူနိုက်တက်ရဲ့ ကျဆုံးချိန်တွေ ရောက်နေပြီ ဆိုတာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲက သိခဲ့တာပါ။ ဒါကို ဒီနေ့ပွဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲတပွဲကို ရှုံးနိမ့်တာက ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အားလုံး ပွဲတချို့ကို ရှုံးနိမ့်ဖူးပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့တဲ့ ပုံစံက အတော်လေး ကြည့်ရဆိုးပါတယ်။ ကစားသမားတွေက ပြေးလွှားနေမှုတွေကို ရပ်တန့်ခဲ့တယ်။ ပြီးတော့ လွယ်လွယ်နဲ့ အရှုံးပေးခဲ့ကြပါတယ်။ ယူနိုက်တက်မှာ ခံစစ်ကြောင်းကိုတောင် မကူညီတော့တဲ့ ကစားသမားတွေ ရှိနေပါတယ်။ သူတို့ရဲ့ ဒီလိုလုပ်ရပ်နဲ့ ပတ်သတ်ပြီး ကျွန်တော့်ဘက်က နားလည်ပေးစရာ အကြောင်းအရင်း မရှိပါဘူး။ ပွဲတပွဲ ရှုံးပြီဆိုရင် အရင်ဆုံး ဝေဖန်ခံရတာက နည်းပြပါပဲ။ ဒါပေမယ့် ယူနိုက်တက် အတွက် ကစားပေးနေတဲ့ အခါမှာ ရေကုန်ရေခမ်း မကြိုးစားခဲ့တဲ့ ကစားသမားတွေရဲ့ လုပ်ရပ်က လက်ခံနိုင်စရာ တကွက်မှ မရှိပါဘူး။ ဒါက အတော်လေးကို ရှက်စရာ ကောင်းပါတယ်” လို့ ဝေဖန်သွားခဲ့တာပါ။