ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အိုင်ယာလန်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းက သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ် ကစားသမားတွေရဲ့ ဂိုးသွင်းပြီးတိုင်း ကကာ အောင်ပွဲခံတတ်တဲ့ အပြုအမူကို ကြည့်မရပဲ အဆိုပါ အပြုအမူဟာ တဖက်အသင်းကို မလေးစားတဲ့ အပြုအမူသာ ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ဘရာဇီးလ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက် တောင်ကိုရီးယားကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ကာ အဆိုပါပွဲမှာ ဘရာဇီးလ် အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဗင်နီးစီးယပ်စ် ၊ နေမာ ၊ ရစ်ချာလီဆန်တို့နဲ့ ကွင်းလယ်လူ ပါကွေတာတို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: The Sun

 

ဘရာဇီးလ် ၄-၁ တောင်ကိုရီးယား ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပေမယ့် နှစ်သင်းကြားမှာ ကစားသမား အင်အား ကွာခြားချက် ကြီးမားတာကြောင့် ကလေးနဲ့ လူကြီး ကန်သလို ဖြစ်နေခဲ့ပြီး ဘရာဇီးလ်ကသာ ပွဲစပွဲဆုံး တောင်ကိုရီးယားဘက်ကို တရစပ် ဖိအားပေး ကစားသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဘရာဇီးလ်ရဲ့ ကစားသမားတွေက သွင်းဂိုး တဂိုး သွင်းယူပြီးတိုင်း အုပ်စုလိုက် ကကာ အောင်ပွဲခံခဲ့ကြပြီး ဒေါသအိုးကြီး ရိုင်ကိန်းကတော့ ဘရာဇီးလ်သားတွေရဲ့ အပြုအမူဟာ ပြိုင်ဘက်ကို မလေးစားတဲ့ အပြုအမူသာ ဖြစ်ကာ သူ့အနေနဲ့ အဆိုပါ အပြုအမူမျိုးကို ဘယ်လိုမှ လက်မခံနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: The Sun

ရိုင်ကိန်းက – “ကျွန်တော်ကတော့ ကိုယ်မြင်နေရတဲ့ မြင်ကွင်းကို မယုံကြည်နိုင်အောင်ပါပဲ။ သူတို့တွေ ကနေတာကို လုံးဝ ကြည့်မရပါဘူး။ လူတွေကတော့ အခုလို ကတာမျိုးဟာ ဘရာဇီးလ်နိုင်ငံရဲ့ ယဉ်ကျေးမှုပဲလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါဟာ ပြိုင်ဘက်ကို မလေးစားတာလို့ပဲ ယူဆပါတယ်။ သူတို့က ဒီနေ့ပွဲမှာ ၄ဂိုး အထိ သွင်းခဲ့ကြတာပါ။ ဒါကိုတောင် သူတို့က ဂိုးတခါ သွင်းပြီးတိုင်း တခါ ကကြပါတယ်။ ပထမဂိုး သွင်းပြီးတဲ့ အချိန် ကကြတာကို ကျွန်တော်က အပြစ်မမြင်ပါဘူး။ နောက်တဂိုးလည်း ထပ်သွင်းပြီးရော နည်းပြကပါ ကတဲ့ အထဲ ပါလာပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလို အပြုအမူမျိုးကို လုံးဝ ကြည့်မရပါဘူး။ ပြီးတော့ ကောင်းတဲ့ အပြုအမူလို့လည်း မထင်ပါဘူး” ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။