ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ခံထားရတဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားကြီး ရိုင်ကိန်းကတော့ အင်္ဂလန်အသင်းက အယ်ဘေးနီးယားအသင်းကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး တဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဝေဖန်မှုတွေကို ဂရုမစိုက်ကြောင်း ဖော်ပြတဲ့ အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Daily Mail

အသက် ၂၈နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက နောက်ခံလူလည်း ဖြစ်တဲ့ မက်ဂွိုင်းယားဟာ လတ်တလောမှာ ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတွေနဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို သူ ဦးဆောင်တဲ့ ခံစစ်ကြောင်းကလည်း သွင်းဂိုး အများအပြားကို ခွင့်ပြုထားရတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်မှု မရှိသူလို့ ဝေဖန်ခံထားရပြီး သူ့ကို ဝေဖန်ခဲ့တဲ့ လူတွေထဲမှာ ရိုင်ကိန်းလည်း ပါဝင်ပါတယ်။

Photo Credit: Daily Mail

ဒါကြောင့်ပဲ မက်ဂွိုင်းယားက အင်္ဂလန် ၅-၀ အယ်ဘေးနီးယား ပွဲစဉ်မှာ သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဝေဖန်မှုတွေကို ဂရုမစိုက်ကြောင်း ပြသတဲ့ အောင်ပွဲခံပုံစံနဲ့ အောင်ပွဲခံကာ ဝေဖန်နေသူတွေကို တုံ့ပြန်ခဲ့တာ ဖြစ်ကာ အဆိုပါ အပြုအမူနဲ့ ပတ်သတ်ပြီး ရိုင်ကိန်းကတော့ မက်ဂွိုင်းယားကို အရှက်မရှိတဲ့သူလို့ ထပ်မံ ဝေဖန်ခဲ့ပြန်ပါတယ်။

ရိုင်ကိန်းက – “ သူကတော့ ဂိုးတဂိုး သွင်းလိုက်ရုံနဲ့ သူ့ကို ဝေဖန်ထားတဲ့ လူတွေရဲ့ ပါးစပ်တွေကို ပိတ်လိုက်နိုင်ပြီလို့ ထင်နေတဲ့ ပုံစံပါပဲ။ ဒါပေမယ့် သူ့ရဲ့လုပ်ရပ်က အတော်လေးကို ရှက်စရာ ကောင်းပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် သူ နောက်ဆုံး ကစားပေးခဲ့တဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ ခြေစွမ်းက အတော်လေးကို ရွံစရာ ကောင်းခဲ့တာပါ။ ဒါကိုတောင် သူက သွင်းဂိုး ၁ဂိုး ရရှိလိုက်ရုံနဲ့ ဝေဖန်မှုတွေကို ချေဖျက်နိုင်မယ်လို့ တွေးနေတယ်။ တော်တော်ကို အရှက်မရှိတဲ့ကောင်ပါ” လို့ ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။