ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ပွဲစဉ်တပွဲ ဖြစ်တဲ့ လက်ရှိ ချန်ပီယံ ပေါ်တူဂီအသင်းနဲ့ လက်ရှိ ကမ္ဘာ့အဆင့် ၁ ဘယ်လ်ဂျီယံအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ ဘယ်လ်ဂျီယံအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရကာ လက်ရှိချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့ပါဘူး။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက် ကစားလာခဲ့တဲ့ အဆိုပါပွဲမှာ ပေါ်တူဂီအသင်းဟာ ဘယ်လ်ဂျီယံအသင်းထက် ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဂိုးသွင်းမတိကျမှု ၊ ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးမှုတွေကြောင့် ဘယ်လ်ဂျီယံအသင်းရဲ့ သွင်းဂိုးကို ပြန်လည် ချေပနိုင်ခြင်း မရှိခဲ့ပဲ အရှုံးပေးခဲ့ရတာပါ။

Photo Credit: Standard

ဘယ်လ်ဂျီယံအသင်း အတွက် တလုံးထဲသော အဖိုးတန် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၄၂မိနစ်မှာ တောင်ပံ ကစားသမား သော်ဂန် ဟာဇက်က လှလှပပ သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ သော်ဂန်ဟာဇက်ရဲ့ ကန်ချက်ဟာ အဆိုပါပွဲမှာ ဘယ်လ်ဂျီယံအသင်းရဲ့ တကြိမ်ထဲသော ဂိုးပေါက်တည့်မှန်မှု ဖြစ်တာကြောင့် ယူရို၂၀၂၀ပြိုင်ပွဲကို ဗိုလ်စွဲချင်ရင်တော့ ဘယ်လ်ဂျီယံအသင်းဟာ ယခုထက် ပိုကောင်းတဲ့ ကစားပုံတွေကို ထုတ်ပြနိုင်မှပဲ အဆင်ပြေမှာပါ။

ဒီနေ့ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းရဲ့ ခြေစွမ်းပိုင်းဟာ အတော်လေးကို ကောင်းမွန်ခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဂျိုတာ ၊ ဂျာအို ဖီးလစ်တို့ရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေဟာ အတော်လေးကို များပြားခဲ့ကာ အထူးသဖြင့် လူစားဝင် ကစားသမား ဖြစ်တဲ့ ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းပိုင်းဟာ အလွန်အမင်း ဆိုးရွားခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ပေါ်တူဂီအသင်းရဲ့ ရှုံးပွဲမှာ ဂျာအိုဖီးလစ်ဟာ အဓိက တာဝန်အရှိဆုံး ကစားသမား အဖြစ် သတင်းထောက်တွေက ဝေဖန်နေကြပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ရိုင်ကိန်းကတော့ ဂျာအိုဖီးလစ်ဟာ ဘယ်လ်ဂျီယံအသင်းက လွှတ်ထားတဲ့ သူလျှိုလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ဂျာအိုဖီးလစ်နဲ့ ပတ်သတ်ပြီး ရိုင်ကိန်းက – “ဂျာအိုဖီးလစ်က လူစားဝင်လာပြီး ဘာတွေ လုပ်နိုင်ခဲ့လဲ။ သူက ဘယ်လ်ဂျီယံအသင်းရဲ့ သူလျှိုတယောက်ပဲ။ သူက ပေါင် ၁၀၀သန်း တန်တယ် ဟုတ်လား။ တကယ်ကို ဟာသပဲ။ သူလုပ်ခဲ့သင့်တာက ဘောလုံးကို ထိချက်မှန်မှန်နဲ့ ကန်သွင်းရုံပါ။ တကယ်လို့ ကျွန်တော်သာ ရိုနယ်ဒိုဆိုရင်တော့ အဝတ်လဲခန်းထဲ ရောက်ရင် သူ့ကို ကောင်းကောင်း သမပါပြီ” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။