ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံး ကိုရခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်တဲ့ တော့တင်ဟမ်ဟော့ စပါး အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီ ရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ယနေ့မနက်မှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်ဟာ စပါးအသင်းရဲ့ ကွင်းသစ်ကြီးထဲမှာ စပါးအသင်းနဲ့ မန်ယူအသင်းတို့ ပထမဦးဆုံး အကြိမ် ရင်ဆိုင်ကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပြီး အရှုံး ၊ အနိုင်မပေါ်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သလို နှစ်ဖက် အသင်းတွေရဲ့ ကစားပုံဟာလည်း ထင်ထားသလို အားရစရာ ကောင်းမနေခဲ့ပါဘူး​။ ဒီနေ့ပွဲစဉ် မှာ စပါးအသင်းက အဖွင့်ဂိုးကို ရရှိခဲ့ပြီး အဆိုပါ ဂိုးကိုတော့ တောင်ပံ ကစားသမား ဘာ့ချ်ဝင့်က ပွဲကစားချိန် ၂၇မိနစ်မှာ အပြင်းကန်ချက် တစ်ခုနဲ့အတူ သွင်းယူပေးခဲ့တာပါ။

Photo Credit: Daily Mail

မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ လတ်တလောမှာ ခြေစွမ်းပြ ကစားနေတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် ၈၁မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် သွင်းယူ ပေးခဲ့တာပါ။ အဆိုပါ ပွဲအတွက် Sky Sports ရုပ်သံဌာနမှာ ဘောလုံး သုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရိုင်ကိန်းကတော့ စပါးအသင်းရဲ့ အဖွင့်ဂိုးကို အလွယ်တကူ ခွင့်ပြုပေးခဲ့တဲ့ ဂိုးသမား ဒီဂီယာ ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ ဘာ့ချ်ဝင့်ရဲ့ သွင်းဂိုးဟာ လုခ်ရှောနဲ့ ရက်ဖို့ဒ်တို့ရဲ့ အမှားကနေတဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပေမယ့် အဝေးကန်ချက်တစ်ခု ဖြစ်သလို ဘောလုံးလာရာ လမ်းကြောင်းကိုလည်း မြင်တွေ့ခဲ့ရတာကြောင့် ဒီဂီယာဟာ အဆိုပါ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ကိန်းက ယူဆနေခဲ့တာလည်း ဖြစ်ပါတယ်​။

Photo Credit: Daily Mail

ဘာ့ချ်ဝင့်ရဲ့ ကန်ချက်ကို အမိအရ မဖမ်းနိုင်ခဲ့တဲ့ ဒီဂီယာအပေါ် ရိုင်ကိန်း က ” အဲ့ဒီဂိုးကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော်က အတော် ကို အံ့အားသင့်သွားခဲ့ရပါတယ်။ ဖြစ်နိုင်ရင် ဒီဂီယာကို အဲ့ဒီနေရာမှာ သေသွားအောင် ထိုးလိုက် ချင်ပါတယ်။ ကျွန်တော်သာ ကွင်းထဲမှာ ရှိနေရင် ပထမပိုင်း ပွဲကစားချိန် ပြီးသွားတဲ့အချိန်မှာ သူ့ကို ထိုးတော့မှာပါ။ ဒီလို ဖြစ်ရပ်မျိုးက လက်ခံဖို့ မဖြစ်နိုင်ပါဘူး။ သူ့ကို တကယ် ထိုးမိမှာပါ ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ​။ မန်ယူအသင်းဟာ အဆိုပါ သရေပွဲကြောင့် အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အနည်း ငယ် ခက်ခဲသွားနိုင်ချေရှိနေပါတယ်။ မန်ယူ အသင်းဟာ နောက်ထပ် ပွဲစဉ်တစ်ပွဲ အဖြစ် ဗုဒ္ဓဟူးနေ့ည ၁၁နာရီအချိန်မှာ ရှက်ဖီးလ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာပဲ ဖြစ်ပါတယ်။