အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား စမစ်ရိုဝီကတော့ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်မှာ သူ့အတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်တဲ့ ဘရူနို ဖာနန်ဒက် ဖြစ်ကြောင်း နယူးကာဆယ်နဲ့ ပွဲစဉ်အပြီးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အာဆင်နယ် အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဖြစ်သူ စမစ်ရိုဝီဟာ အာဆင်နယ် အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ယခုလ အစောပိုင်းမှ စတင်ကာ အာဆင်နယ် အသင်းအတွက် ပုံမှန် ပွဲထွက် ကစားခွင့် ရရှိထားသူပါ။

Photo Credit: Sky Sports

ရိုဝီဟာ အာဆင်နယ် အသင်းရဲ့ ကြီးမားတဲ့ အားနည်းချက် တစ်ခုဖြစ်တဲ့ ကွင်းလယ် တိုက်စစ်ပိုင်းကို တာဝန်ယူကာ ကစားနေရသူ တစ်ဦးဖြစ်ပြီး သူ ပွဲထွက်ခွင့် ရရှိလာပြီး နောက်မှာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်ပိုင်းဟာ သိသိသာသာ တိုးတက်လာခဲ့သလို ရလဒ်ပိုင်းမှာလည်း ကောင်းမွန်မှုတွေ ရှိလာပါတယ်။ ရိုဝီဟာ လက်ရှိ ဘောလုံးရာသီမှာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၅ကြိမ် အထိ ပြုလုပ် ထားနိုင်ခဲ့သူပါ။ ဒါ့ကြောင့်လည်း ရိုဝီဟာ အိုဇေးလ် မရှိတော့တဲ့နောက် အာဆင်နယ် အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်လာမယ့် လူငယ် ကစားသမားလို့ ထင်ကြေး ပေးခံထားရပြီး ရိုဝီကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်ကို အတုယူကာ ကြိုးစားနေကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေတဲ့ ကစားသမား ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁၅ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ် ထားနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဖာနန်ဒက် ဟာ ရိုဝီလို အသင်းအတွက် သွင်းဂိုးတွေရော ဂိုးဖန်တီးမှုပါ ပြုလုပ် ပေးချင်တဲ့ တိုက်စစ်အားသန် ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးရဲ့ စံပြ ကစားသမား ဖြစ်နေတာပါ။ ဘရူနို ဖာနန်ဒက်နဲ့ ပတ်သတ်ပြီး ရိုဝီက “ ကစားသမား တစ်ယောက်အနေနဲ့ ကျွန်တော်က ဘရူနို ဖာနန်ဒက်ကို စောင့်ကြည့်ပြီး အတုယူပါတယ်။ သူ့ရဲ့ မှတ်တမ်းတွေက တကယ့်ကို ရူးချင်စရာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။