MySport Myanmar

ဘာပေကို ထင်ရှားတဲ့ ကျရှုံးမှု တစ်ခုလို့ ရိုသန်က ပြင်းထန်စွာ ဝေဖန်

ရီးရဲလ် မက်ဒရစ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ပီအက်စ်ဂျီရဲ့ ကစားသမားဟောင်းကြီးတစ်ဦးက ရီးယဲလ် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ရီးရဲလ် မက်ဒရစ်ဟာ ကြယ်ပွင့်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ထိပ်တန်း အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကြီး မစခင်မှာ ဖလားရဖို့ ရေပန်းအစားဆုံး အသင်းအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ မန်ချက်စတာ စီးတီးကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီးနောက် ဒီသတ်မှတ်ချက်ကို မှန်ကန်ကြောင်း သက်သေပြခဲ့ပါတယ်။

Photo Credit : CNN

ရှုံးထွက် (၁၆)သင်းအဆင့်မှာလည်း မြို့ခံပြိုင်ဘက်ကြီး အက်တလက်တီကိုအသင်းကို အနိုင်ရခဲ့ပေမယ့် ကားလို့ အန်ဆယ်လော့တီရဲ့ အသင်းဟာ အာဆင်နယ်ကို ရင်ဆိုင်ရချိန်မှာ မထင်မှတ်ဘဲ ရပ်တန့်သွားခဲ့ပါတယ်။ အမ်းမရိတ်မှာ အာဆင်နယ်က ရီးယဲလ်ကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး ဗုဒ္ဓဟူးနေ့ညမှာ ရီးရဲလ်ကွင်းမှာ ကစားရချိန်မှာလည်း ထပ်မံ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် သခင်ကြီးတို့ရဲ့ဒီရာသီ ချန်ပီယံလိဂ် ခရီးလမ်းက အဆုံးသတ်သွားပါတယ်။

ဘာပေဟာ ဘာနေဗျူးက ပွဲအစပိုင်းမှာ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ဂိုးက လူကျွံနေလို့ ပယ်ဖျက်ခဲ့ရပြီး အဲဒီနောက်မှာ ပွဲကို သက်ရောက်မှု ဖြစ်စေဖို့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာလည်း ရသွားခဲ့လို့ (၇၅)မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ ဘာပေဟာ စပိန်မှာ သူ့ရဲ့ ပထမဆုံးရာသီမှာ အသင်းရဲ့ အကောင်းဆုံး ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပေမယ့် ပီအက်စ်ဂျီ ကစားသမားဟောင်း ဂျရုမ်း ရိုသင်က ဘာပေက ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့တာဟာ အမှားတစ်ခုဖြစ်ကြောင်း သက်သေပြနေတယ်လို့ ပြောပါတယ်။

Photo Credit :

“လူတွေက ကီလီယန် အမ်ဘာပေအကြောင်း ပြောနေကြတယ်။ သူက သူအိပ်မက်ဖြစ်တဲ့ ကလပ်ကို ရောက်လာခဲ့တယ်။ ချန်ပီယံလိဂ် အပါအဝင် ဖလားအားလုံးကို ရယူဖို့ ရည်မှန်းချက်နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်ပြီး ဘာလွန်းဒေါကို ရယူဖို့ ရည်မှန်းခဲ့တယ်။ ဒါပေမယ့် အသင်းအတွက်ရော တစ်ဦးချင်းအတွက်ပါ သူက ကျရှုံးမှုပဲ။ သူ ဒီနှစ်မှာ ဘာလွန်းဒေါကို ရမှာ မဟုတ်ဘူး။ သူက ထင်ရှားတဲ့ ကျရှုံးမှုတစ်ခုပဲ။ ရာသီအစမှာ အကြောင်းအမျိုးမျိုးနဲ့ အကာအကွယ်ပေးခဲ့ကြတယ်။”

“သူ့မှာ အချိန်ယူပြီး လိုက်လျောညီထွေဖြစ်ဖို့ အခွင့်အရေး ရှိခဲ့တယ်။ ဒါပေမယ့် မင်းက အမ်ဘာပေဆိုရင် လိုက်လျောညီထွေဖြစ်ဖို့ အချိန်က ပိုတိုပါတယ်။ သူက ဂိုးအများကြီး သွင်းခဲ့တယ်။ ဒါပေမယ့် ဒီပွဲထဲမှာတော့ သူက ဆိုးရွားလွန်းတယ်။” လို့ ရိုသင်က RMC ရေဒီယိုမှာ ပြောပါတယ်။ ဘာပေကို စွန့်ခွာခဲ့တဲ့ ပီအက်စ်ဂျီကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ထိ တက်လှမ်းသွားခဲ့ပြီဖြစ်ပြီး ရီးယဲလ်ကို ဖြုတ်ခဲ့တဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Exit mobile version