ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ရိုသန်က ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာဟာ အသင်းမှာ မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြနိုင်တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ အပြစ်တွေကြောင့်လည်း ပါဝင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

လီဂူးဝမ်းရဲ့ အကောင်းဆုံးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့လို ကြယ်ပွင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို ၀-၁ ၊ ၂-၀ ဆိုတဲ့ ရလဒ်တွေနဲ့ နှစ်ကျော့စလုံး ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်အတွဲလို့ တင်စားခံထားရတဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့ရတဲ့ ၂ပွဲမှာ သွင်းဂိုး ၁ဂိုးမှ မသွင်းယူနိုင်ခဲ့တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ကို ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး အဆိုပါ ကြယ်ပွင့် ကစားသမား ၃ဦး အနက် ပူပူနွေးနွေး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် မက်ဆီဟာ ဝေဖန်ခံရမှု အများဆုံးပါပဲ။

ပီအက်စ်ဂျီရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရိုသန်ကလည်း ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရမှုမှာ တိုက်စစ်ပိုင်းကို ဦးဆောင်နေတဲ့ ဝါရင့် ကစားသမား လီယွန်နယ် မက်ဆီရဲ့ အပြစ်တွေ အများကြီး ပါဝင်ပြီး မက်ဆီဟာ အာဂျင်တီးနားမှာ ရုန်းကစားသလိုမျိုး ပီအက်စ်ဂျီမှာ တခါမှ မကစားခဲ့ပဲ အချောင်ခိုနေခဲ့တယ်လို့ ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

ရိုသန်က – “ကျွန်တော်ကတော့ မက်ဆီကို ပီအက်စ်ဂျီမှာ ထပ်မမြင်ချင်တော့ပါဘူး။ သူက အသင်းအတွက် ကစားပေးချင်စိတ် ရှိပုံ မပေါ်ပါဘူး။ ခင်ဗျားတို့ကတော့ မက်ဆီက အသင်းနဲ့ အသားမကျသေးဘူးလို့ ကာပြီး ပြောပေးချင် ပြောပေးကြပါလိမ့်မယ်။ ဒါပေမယ့် သူက ဘာကို အသားမကျသေးတာလဲ။ သူက အန်းဂါးတို့ ၊ ကလဲမွန့်တို့လို အသင်းတွေနဲ့ တွေ့တဲ့ ပွဲတွေမှပဲ ၁၈ဂိုးသွင်း ၊ ၁၆ဂိုး ဖန်တီး ဆိုတဲ့ စွမ်းဆောင်ရည်မျိုး ရတာလား။ အရေးကြီးတဲ့ပွဲတွေ ရောက်ရင် မက်ဆီကို အစအနတောင် ရှာလို့ မတွေ့တော့ပါဘူး။ ရယ်စရာ ကောင်းတာ တခုက မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရမ်းကို ကောင်းအောင် ကစားပြသွားခဲ့တာပါ။ ကျွန်တော်တို့က သူ့ရဲ့ လှုပ်ရှားမှုတွေ ၊ အသင်းအတွက် စိတ်နှစ် ကြိုးစားတဲ့ပုံတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြည့်ခဲ့ရပါတယ်။ မက်ဆီက အာဂျင်တီးနား အတွက် ခြေစွမ်းပြ ကစားခဲ့လို့ ကျွန်တော်က မနာလို ဖြစ်နေတာတော့ မဟုတ်ပါဘူး။ နိုင်ငံအသင်း ရောက်ရင် ကစားသမားတွေက ပိုကောင်းလာတတ်တာကို လက်ခံပါတယ်။ ဒါပေမယ့် မက်ဆီက ပီအက်စ်ဂျီကိုလည်း လေးစားဖို့ လိုအပ်ပါတယ်။ ပီအက်စ်ဂျီက မက်ဆီ အတွက် နေစရာ တခုနဲ့ လစာတွေကို ပေးထားတာပါ။ ပြီးတော့ ပီအက်စ်ဂျီကပဲ သူ တောင်းဆိုတဲ့ အရာမှန်သမျှကို လိုက်လုပ်ပေးနိုင်တာပါ။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားကို ယူပေးဖို့ အတွက် မက်ဆီကို ခေါ်ခဲ့တာပါ။ ဒါပေမယ့် မက်ဆီကတော့ ကျွန်တော်တို့ အတွက် ဘာမှကို မလုပ်ပြသေးပါဘူး” လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။