ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး တဦး ဖြစ်သူ ရိုသန်ကတော့ ယခုနှစ် ဘောလုံးရာသီ အစကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီမှာ အောင်မြင်နိုင်ဖို့ မရှိကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာ ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပြီးနောက် ပီအက်စ်ဂျီထံ ၂နှစ် + ၁နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ဖို့ ရုန်းကန်နေရပြီး ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ ၁၄ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၂ဂိုးထဲသာ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုပါ ခံစားနေရပါတယ်။

ဒါပေမယ့် မက်ဆီဟာ သူ့ရဲ့ အောင်မြေလို့ ပြောရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ပီအက်စ်ဂျီရဲ့ တိုက်စစ်မှူးဟောင်း တဦးဖြစ်သူ ရိုသန်ကတော့ မက်ဆီအနေနဲ့ ပြင်သစ်မြေမှာ ရုန်းကန်နေရတာက မက်ဆီရဲ့ ခြေစွမ်း ကျဆင်းသွားခြင်းကြောင့် မဟုတ်ပဲ သူ့ရဲ့ ရင်ဘတ်ထဲမှာ ဘာစီလိုနာ တသင်းထဲသာ ရှိနေလို့ ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့ပြီး မက်ဆီက ပီအက်စ်ဂျီရဲ့ သမိုင်းမှာ သူရဲကောင်း တဦး ဖြစ်လာဖွယ် မရှိကြောင်းလည်း ဆိုပါတယ်။

ရိုသန်က – “မက်ဆီက ပီအက်စ်ဂျီရဲ့ သမိုင်းမှာ တင်ကျန်ရစ်မယ့် ကစားသမား မဟုတ်ပါဘူး။ သူက ဘာစီလိုနာရဲ့ ကောင်လေး တယောက်ပါ။ ဘာစီလိုနာက သူ့ရဲ့ဘဝ ၊ သူ့ရဲ့မြို့ပါ။ မက်ဆီက အားလပ်ရက် ရောက်တိုင်း ဘာစီလိုနာမြို့ဆီ သွားလေ့ ရှိပါတယ်။ ဒါကြောင့် သူက ဘာစီလိုနာကို မမေ့နိုင်သေးပါဘူး။ ဘယ်သူမှ သူ ပီအက်စ်ဂျီဆီ ရောက်လာမယ်လို့ မမျှော်လင့်ထားကြပါဘူး။ ကျွန်တော့်အထင် သူကိုယ်တိုင်လည်း သူက ဘာစီလိုနာ ကနေ ထွက်ခွာပြီး ပီအက်စ်ဂျီ လာရလိမ့်မယ်လို့ တွေးမိမှာ မဟုတ်ဘူး” လို့ သုံးသပ်စကား ပြောကြားသွားခဲ့တာပါ။