ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းရဲ့ နည်းပြဖြစ်သူ ရို့စ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ဥရောပ အကောင်းဆုံး တိုက်စစ်မှူးဆုကို ရရှိထားတဲ့ သူတို့အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ တဦး ဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၁ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးဆုတို့ကို ရရှိခဲ့ပါတယ်။

Photo Credit: Bein Sports

ဒါကြောင့်လည်း ဟာလန်းဟာ ရွှေဘောလုံးဆုရဲ့ စကာတင် ကစားသမား ၃၀ဦး စာရင်းထဲမှာ ပါဝင်ခဲ့သလို ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲက တဦး အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

ဒေါ့မွန်အသင်းရဲ့ နည်းပြဖြစ်သူ ရို့စ်ကလည်း သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ရွှေဘောလုံးဆုကို ရရှိသင့်သူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပြီး အကယ်၍ သူ့မှာသာ ရွှေဘောလုံးဆု အတွက် မဲပေးပိုင်ခွင့် ရှိခဲ့ရင် ဟာလန်းကိုပဲ မဲပေးဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Bein Sports

ရို့စ်က – “ ဟာလန်းက ကျွန်တော်တို့ ကစားသမား ဖြစ်လို့ နည်းနည်း အစွဲကြီးတယ်လို့ ပြောချင်ပြောပါ။ ကျွန်တော်တို့က အမြဲတမ်း ကိုယ့်ရဲ့ ကစားသမားတွေကို အားပေးကူညီပါတယ်။ ပြီးတော့ သူက အရမ်းကို ထူးခြားတဲ့ ကစားသမား တဦးပါ။ ဒါကြောင့်လည်း သူက ရွှေဘောလုံးဆုရဲ့ စကာတင် စာရင်းမှာ ပါဝင်ခွင့် ရခဲ့တာ ဖြစ်သလို ရွှေဘောလုံးဆုနဲ့လည်း ထိုက်တန်ပါတယ်။ သူ့လိုမျိုး ငယ်ရွယ်တဲ့ ကစားသမား တဦးကို ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အတူ မြင်တွေ့ရတာက တကယ်ကို ကောင်းပါတယ်။ ကျွန်တော် ကတော့ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ဟာလန်းက တဦးချင်း ထူးချွန်ဆုတွေ အများကြီးကို ရရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူကတော့ အမြဲတမ်း အသင်းနဲ့အတူ ဆုဖလားတွေ ရဖို့ပဲ စိတ်ကူးရှိသူပါ။ အဲ့ဒါကလည်း သူ့ရဲ့ ကောင်းတဲ့ အချက်လို့ ပြောရပါမယ်။ တကယ်လို့သာ ကျွန်တော့်မှာ ရွှေဘောလုံးဆု အတွက် မဲပေးပိုင်ခွင့်ရှိရင် သူ့ကိုပဲ မဲပေးသွားမှာပါ” လို့ ပြောကြားခဲ့တာပါ။