ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဘရာဇီးလ်ကလပ် အက်သလက်တီကို ကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဗစ်တာ ရိုကွေးက လာမယ့် ဆောင်းဈေးကွက်မှာပဲ ဘာစီလိုနာနဲ့ ပူးပေါင်းတော့မယ်လို့ သိရှိရပါတယ်။

အသက် ၁၈နှစ် အရွယ် ပူပူနွေးနွေး ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ ရိုကွေးက ခရူဇီယိုအကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်တိုက်စစ်မှူး ဖြစ်ပြီး သူက ၂၀၂၂ခုနှစ်မှာ ခရူဇီယို ကနေ အက်သလက်တီကိုထံ ပြောင်းရွှေ့ကြေး ယူရို ၄သန်းကျော်နဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: SPORT

အက်သလက်တီကိုထံ ရောက်ရှိပြီးနောက် ဗစ်တာ ရိုကွေးက သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကို ကောင်းကောင်းကြီး ထုတ်ပြနိုင်ခဲ့ပြီး ဗစ်တာ ရိုကွေးက အက်သလက်တီကို အတွက် ပြိုင်ပွဲစုံမှာ ၈၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိခဲ့ပါတယ်။

သူ့ရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ အလားအလာကောင်းတွေကြောင့်ပဲ ဘာစီလိုနာက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဗစ်တာ ရိုကွေးကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ပေးချေကာ ခေါ်ယူခဲ့ပြီး ဘာစီလိုနာဟာ ဗစ်တာ ရိုကွေးကို အက်သလက်တီကိုဆီ တရာသီအငှား ပြန်ချခဲ့ပါတယ်။

Photo Credit: Goal

ကနဦးမှာ ဘာစီလိုနာက ဗစ်တာ ရိုကွေးကို ယခုနှစ် ဘောလုံးရာသီ ကုန်ချိန်မှ အသင်းဆီ ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးရဲ့ ခြေစွမ်းကျဆင်းလာမှုကြောင့် ဗစ်တာ ရိုကွေးကို ဆောင်းဈေးကွက်မှာပဲ အသင်းဆီ ခေါ်ယူဖို့ ပြန်ပြောင်း ဆုံးဖြတ်ခဲ့တာပါ။

ဗစ်တာ ရိုကွေးကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အက်သလက်တီကို ၃-၀ ဆန်းတို့စ် ပွဲအပြီးမှာပဲ အက်သလက်တီကို ပရိသတ်တွေကို နှုတ်ဆက်စကား ပြောကြားကာ ဘာစီလိုနာနဲ့ ပူးပေါင်းတော့မယ့် အကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ဗစ်တာ ရိုကွေးက – “ကျွန်တော်က အက်သလက်တီကိုမှာ ပျော်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အိမ်မက်ဟာ ဥရောပမြေမှာ ဘောလုံးကစားခွင့် ရဖို့ပါ။ ကျွန်တော်က ဘာစီလိုနာရဲ့ ပွဲတွေကို အမြဲတမ်း ကြည့်ဖြစ်ပါတယ်။ ကျွန်တော်က ဘာစီလိုနာဆီ ရောက်ရင် ပွဲကစားဖို့ အဆင်သင့် ဖြစ်နေဖို့ပဲ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။