MySport Myanmar

ပွဲကစားခွင့်တွေ နည်းလာလို့ ဘာစီလိုနာကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဗစ်တာ ရိုကေး

ဘာစီလိုနာအသင်းရဲ့ လူငယ် တိုက်စစ်ကစားသမားလေး ဗစ်တာ ရိုကေးဟာ အသင်းမှာ ပွဲကစားခွင့်တွေ အတော်လေး နည်းပါးလာခဲ့ရသလို အသင်းနည်းပြဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်ကပါ ပြောဆို ဆက်ဆံမှုတွေ မရှိသလောက်ကို ဖြစ်နေတဲ့အပေါ် စိတ်ပျက်လာခဲ့တဲ့အတွက် အသင်းကနေ ထွက်ခွာသွားဖွယ်ပါ ရှိနေတယ်လို့ ကစားသမားရဲ့အေးဂျင့်က ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် လူငယ် တိုက်စစ်မှူးလေး ရိုကေးဟာ ဘရာဇီးလ်ကလပ် Athletico Paranaense အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြီးခဲ့တဲ့ ဆောင်းစျေးကွက်ကမှ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘာစီလိုနာဟာ ရိုကေးကို လာမယ့်ရာသီမှ အသင်းထံ ခေါ်ဆောင်ဖို့ စီစဥ်ထားခဲ့ပေမယ့် ကစားသမား လိုအပ်ချက်ကြောင့် အလျင်အမြန်ပင် ခေါ်ယူခဲ့လိုက်ရတာဖြစ်ပြီး ရိုကေးကလည်း ဘာစီလိုနာမှာ ပွဲကစားခွင့်တွေ ချက်ချင်း ရရှိလာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

လက်ရှိအချိန်ထိ ရိုကေးက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၃)ပွဲကစားထားနိုင်တယ် ဆိုပေမယ့်လည်း ပွဲထွက်ကစားသမားအဖြစ်နဲ့ (၂)ပွဲသာ ကစားခဲ့ရသလို ချန်ပီယံလိဂ် (၁၆)သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာဆိုရင်လည်း unused substiute player သာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ ရီးယဲလ် ဗလင်စီယာ ဂျီရိုနာတို့နဲ့ ပွဲစဉ်တွေမှာဆိုရင်လည်း ရိုကေးက ဘာစီလိုနာရဲ့ အရန်ကစားသမားစာရင်းမှာပဲ ဆက်တိုက် ပါဝင်ခဲ့ရပြီး ပွဲကစားခွင့်လည်း တစ်မိနစ်မှကို မရခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။

ဒီလို အခြေအနေနဲ့ မရှေးမနှောင်းမှာပဲ ဘာစီလိုနာအနေနဲ့ လာမယ့်ရာသီမှာ တိုက်စစ်မှူးလေး ရိုကေးကို ကလပ်အသင်း တစ်သင်းသင်းထံ တစ်ရာသီလောက် အငှားချသွားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်လောင်လောက် ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Marca

 

ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရိုကေးရဲ့ အေးဂျင့်က “ဗစ်တာက အသင်းကနေ အငှားနဲ့ ထွက်ခွာမှာ မဟုတ်ပါဘူး။ တကယ်လို့ သူသာ ဘာစီလိုနာကနေ ထွက်ခွာမယ်ဆိုရင်တော့ ဒီထွက်ခွာမှုက အပြီးသတ်သာ ဖြစ်လာပါလိမ့်မယ်။ ဇာဗီက ဘာကြောင့် သူ့ကို ကစားခွင့်မပေးလဲဆိုတာ ဘယ်သူမှ နားမလည်နိုင်သလို စကားတောင် ပြောဆိုတာတွေ မရှိဘူးဆိုတာက မဟုတ်သေးဘူး။”

“ဗစ်တာအနေနဲ့ကလည်း ကမ်းလှမ်းမှုတွေ များစွာထဲကမှ ဘာစီလိုနာကို ရွေးချယ်ခဲ့တယ်ဆိုတာ သူ ဒီအသင်းကို ချစ်မြတ်နိုးလို့ပါ။ ဒါပေမယ့် မျှော်လင့်ထားသလိုတွေ ဖြစ်မလာခဲ့ဘူးဆိုရင်တော့ ဆွေးနွေးမှုတွေ လုပ်ဆောင်ရမှာ ဖြစ်သလို အသင်းကနေလည်း အပြီးသတ် ထွက်ခွာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။

Exit mobile version