မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ legend player တစ်ဦးဖြစ်သူ ဝိန်းရွန်နီရဲ့ သားတော်မောင် ကိုင်းရွန်နီကတော့ မန်ယူနိုက်တက် ယူ-၁၄အသင်းမှာ ပါဝင်ကစားနေရင်းနဲ့ သူဖခင်ရဲ့ ခြေရာကို အသေအချာ လိုက်နင်းနိုင်ဖို့ အလားအလာ အလွန်ကောင်းမွန်နေရပါတယ်။

ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း သူရဲ့သားကြီး ကိုင်းကို ယူနိုက်တက် အကယ်ဒမီမှာ ဘောလုံးပညာရပ်တွေ သင်ကြားစေခဲ့ပြီး အခုဆို ကိုင်းရွန်နီဟာလည်း ယူနိုက်တက် လူငယ်အသင်းမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဝိန်းဟာ ယူနိုက်တက်အသင်း သမိုင်းတစ်လျှောက် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ထားနိုင်ခဲ့သလို အခု ဝိန်းရဲ့ သားတော်မောင် ကိုင်းဟာလည်း သူ့ဖခင် ဝိန်းလိုပဲ တိုက်စစ်နေရာမှာ ကစားနေပြီး ဂိုးတွေလည်း သွင်းယူလျက် ရှိနေပါတယ်။

ဖခင်ဖြစ်သူ ဝိန်းနဲ့အတူ ယူနိုက်တက် အကယ်ဒမီ ၊ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ရဲ့ အကယ်ဒမီနဲ့ နောက်ဆုံး မန်စီးတီး အကယ်ဒမီတွေထိပါ ရောက်ရှိခဲ့ဖူးတဲ့ ကိုင်းက အခုဆို ယူနိုက်တက် ယူ-၁၄အသင်းမှာ ပါဝင်နေပြီး ခြေစွမ်းတွေလည်း ပြသလို့နေပါတယ်။

Photo Credit : The Sun

အခုလည်း ကိုင်းရွန်နီဟာ ယူနိုက်တက် ယူ-၁၄အသင်း နဲ့ လိဒ်စ် ယူ-၁၄အသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင်ကစားရင်း သွင်းဂိုး (၂)ဂိုး သွင်းယူပြီး (၂)ဂိုး ဖန်တီးနိုင်ခဲ့ကြောင်းကိုပါ သူရဲ့ အင်စတာဂရမ်ပေါ်ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ကိုင်းက လအတန်ကြာမှ ပြန်ကစားရတဲ့ ပထမဆုံးပွဲလို့ပါ အဲ့ဒီပို့စ်မှာ ရေးသားခဲ့ပါသေးတယ်။

ကိုင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် အကယ်ဒမီမှာ အတော်လေး ထွန်းတောက်နေတဲ့ လူငယ်ကြယ်ပွင့်လေး တစ်ဦး ဖြစ်ပြီး ယူ-၁၂အသင်းအတွက် ကစားပေးခဲ့ရချိန်တုန်းကလည်း သွင်းဂိုး (၅၆)ဂိုးအထိတောင် စံချိန်တင်ရလောက်အောင်ပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။