MySport Myanmar

နောက်ကျဂိုးတွေနဲ့ မေဂျာလိဂ်မှာ တာထွက်လှခဲ့ရတဲ့ ဒီစီယူနိုက်တက်နည်းပြ ဝိန်းရွန်နီ

ဒီနေ့ မနက်အစောပိုင်းက ကျင်းပသွားခဲ့တဲ့ အမေရိကန် မေဂျာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နည်းပြ ဝိန်းရွန်နီရဲ့ ဒီစီယူနိုက်တက်အသင်းက ဧည့်သည် အော်လန်ဒိုစီးတီးအသင်းကို နာကျင်အချိန်ပို သွင်းဂိုးတွေနဲ့အတူ (၂)ဂိုး (၁)ဂိုးနဲ့ နိုင်ပွဲ ရရှိခဲ့ပြီး ဒီနိုင်ပွဲဟာ နည်းပြရွန်နီအတွက် သူရဲ့ ဒီစီယူနိုက်တက် နည်းပြဘဝ ပထမဆုံး ကိုင်တွယ်တဲ့ပွဲစဉ်မှာ ရရှိပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ရပါတယ်။

Photo Credit : The Sun

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရွန်နီဟာ ဒါဘီကောင်တီအသင်းကနေ နုတ်ထွက်လာပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကစားသမားဘဝတုန်းက ပါဝင်ကစားခဲ့ဖူးတဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ဒီစီယူနိုက်တက်အသင်း နည်းပြသစ် ဖြစ်လာခဲ့တဲ့ ရွန်နီဟာ သူရဲ့ ဒီစီယူနိုက်တက် နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ဒီနေ့ မနက်အစောပိုင်းမှာ မေဂျာလိဂ်ရဲ့ နာမည်ကျော်ကလပ် အော်လန်ဒိုစီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး နာကျင်အချိန်ပို သွင်းဂိုးတွေနဲ့ အဖိုးတန် အနိုင်(၃)မှတ် ရရှိနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ပထမပိုင်း ပွဲကစားချိန် (၉)မိနစ်အတွင်းမှာ အော်လန်ဒိုစီးတီးအသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲ့ဒီတစ်ဂိုးတည်းနဲ့ပဲ ပွဲပြီးဆုံးဖို့ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုအတွင်း ဒီစီယူနိုက်တက်ဘက်က ချေပဂိုးရော အဖိုးတန်အနိုင်ဂိုးကိုပါ ဆက်တိုက် သွင်းယူခဲ့ကာ အနိုင်ရသွားခဲ့ပါတယ်။ သူရဲ့ ဒီစီယူနိုက်တက် နည်းပြဘဝ တာထွက်လှခဲ့ရတဲ့ ရွန်နီက “ရာသီက အခုမှ စရမယ်။ အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော် တွေ့ရှိခဲ့တဲ့ အရာကတော့ ကစားသမားတစ်ယောက် အမှားလုပ်မိတဲ့အခါ သူတို့တွေ အဲ့ဒီအမှားကနေ ပြန်လာဖို့ ခက်ခဲနေတာကို တွေ့ခဲ့ရပါတယ်။ ကစားသမားတွေက အမှားလုပ်မိမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ပြသာနာ မရှိပါဘူး။ ကျွန်တော်ကတော့ သူတို့ကို ကြိုးစားကြည့်စေချင်ပါတယ်။ မှန်ကန်တဲ့ နေရာတွေမှာ ဘောလုံးကို ရရှိဖို့ risk ယူစေချင်တယ်။ အမှားလုပ်မိတယ်ဆိုရင်လည်း ဆုံးရှုံးသွားတဲ့ ဘောလုံးကို ပြန်ရဖို့ ထပ်ကြိုးစားစေချင်တယ်။ ဒါက ပွဲတစ်ပွဲရဲ့ အစိတ်အပိုင်းပါပဲ။ ကစားသမားတွေကို လွတ်လွတ်လပ်လပ် စိတ်လွယ်ကိုယ်လွတ်နဲ့ သူတို့ လုပ်နိုင်တာကို ပေးလိုက်တာက ကွဲပြားခြားနားမှုတစ်ခု ဖြစ်စေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရွန်နီရဲ့ ဒီစီယူနိုက်တက်အသင်းဟာ မေဂျာလိဂ် အမှတ်ပေးဇယား အောက်ခြေမှာ ရောက်ရှိနေရပြီး လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းမွန်ဖို့ လိုအပ်လျက် ရှိနေပါတယ်။

Exit mobile version