အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီက အင်တာ မိုင်ယာမီရဲ့ ကြယ်ပွင့်သစ် မက်ဆီကို မေဂျာလိဂ်ပြိုင်ပွဲဟာ လွယ်ကူတဲ့ ပြိုင်ပွဲတခု မဟုတ်ကြောင်း ​သတိပေးသွားခဲ့ပါတယ်။

အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီက ဒီစီ ယူနိုက်တက်နဲ့အတူ မေဂျာလိဂ်ပြိုင်ပွဲမှာ ၁နှစ် ပါဝင် ကစားခဲ့ဖူးသူ ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လမှ စတင်ကာ ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ်ရာထူးကို ရယူထားသူပါ။

Photo Credit: Lately

တဖက်မှာတော့ အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ယခု နွေဈေးကွက် အတွင်းမှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီဆီ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာပါတယ်။

မက်ဆီက အင်တာ မိုင်ယာမီမှာ သူ့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဘူးစကွက်နဲ့အတူ တွဲဖက် ကစားရဖို့ ရှိနေပြီး အင်တာ မိုင်ယာမီဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် မက်ဆီ ရောက်လာတာကြောင့် မကြာခင်မှာ အင်တာ မိုင်ယာမီရဲ့ ရလဒ်တွေ တဟုန်ထိုး တိုးတက်လာလိမ့်မယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မက်ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံးပြိုင်ပွဲတွေ ဖြစ်တဲ့ လာလီဂါနဲ့ လီဂူးဝမ်းပြိုင်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မေဂျာလိဂ်ပြိုင်ပွဲဟာ မက်ဆီအတွက် အရမ်းကို လွယ်ကူနေမယ်လို့ သုံးသပ်နေကြပေမယ့် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ ဝိန်း ရွန်းနီကတော့ မေဂျာလိဂ်ပြိုင်ပွဲဟာ မက်ဆီအတွက် လွယ်ကူတဲ့ ပြိုင်ပွဲတခု မဟုတ်ဘူးလို့ ပြောကြားရင်း မက်ဆီကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: 90 Min

ဝိန်း ရွန်းနီက – “မေဂျာလိဂ်ပြိုင်ပွဲက အရမ်းကို ကောင်းတဲ့ ပြိုင်ပွဲတခု ဖြစ်နေပါပြီ။ မေဂျာလိဂ်ပြိုင်ပွဲမှာ လူသိပ်မသိကြပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတောင် ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ Apple Watchရဲ့ စပွန်ဆာကလည်း အတော်လေးကို ခိုင်မာသလို Rose Bowlမှာ ကစားခွင့်ရတဲ့ မေဂျာလိဂ် ကလပ်တွေလည်း ရှိလာပါပြီ။ အင်တာ မိုင်ယာမီကတော့ မက်ဆီအတွက် အကောင်းဆုံး ပြင်ဆင်ပေးထားတာကို မြင်ရပါတယ်။ မက်ဆီက အင်တာ မိုင်ယာမီမှာ သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဘူးစကွက် ၊ အယ်လ်ဘာတို့နဲ့ တွဲဖက် ကစားရမှာ ဖြစ်သလို အင်နီယေစတာကလည်း အင်တာ မိုင်ယာမီဆီ ရောက်လာနိုင်ပါသေးတယ်။ လူးဝစ် ဆွာရက်ဇ်လည်း သူနဲ့ လာပူးပေါင်းနိုင်ပါတယ်။ ပြီးတော့ အင်တာ မိုင်ယာမီရဲ့ နည်းပြကလည်း မက်ဆီနဲ့ သင့်တော်တဲ့ နည်းပြတဦးပါ။ သူက ယုံကြည်ရတဲ့ နည်းပြမျိုးပါ။ ဆော်ဒီလိဂ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မေဂျာလိဂ်ဆီ ပြောင်းလာတာက မက်ဆီအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက် တခုပါပဲ။ ဒါပေမယ့် မေဂျာလိဂ်က မက်ဆီအတွက် လွယ်ကူတဲ့ လိဂ်တခု မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စကားက လူတွေ သိပ်လက်မခံချင်တဲ့ စကားမျိုး ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မေဂျာလိဂ်ဆီ ပြောင်းလာပြီးမှ ဒီလိဂ်က မလွယ်ဘူး ဆိုတာကို သိသွားတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒီနိုင်ငံမှာ ပွဲတပွဲ ကစားဖို့ ရှည်လျားတဲ့ ခရီးတွေ ထွက်ရတယ်။ မတူညီတဲ့ မြို့တွေဆီ သွားရတယ်။ ကွင်းတွင်း ၊ ကွင်းပြင် ပြိုင်ဆိုင်မှုတွေကလည်း အရမ်းကို ပြင်းထန်ပါတယ်” လို့ ပြောကြားရင်း မက်ဆီကို သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။