ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ဝိန်းရွန်းနီ ကတော့ သူ့အနေနဲ့ တစ်ချိန်တုန်းက စပိန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိခဲ့ဖူးကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝိန်းရွန်းနီဟာ လက်ရှိမှာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းရဲ့ ယာယီ နည်းပြ အဖြစ် ခန့်အပ် ခံထားရသူ ဖြစ်ပြီး ကစားသမား ဘဝကို မစွန့်ခွာသေးပေမယ့် လက်ရှိ ဘောလုံး ရာသီ အကုန်မှာပဲ ကစားသမားဘဝ ကနေ အနားယူနိုင်သူလည်း ဖြစ်ပါတယ်။ ဝိန်းရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၂၀၀၄ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အထိ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ကစားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ကစားသမားဘဝ ကနေ အနားမယူသေးပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား အဖြစ် သတ်မှတ် ခံထားရတဲ့ ဝိန်းရွန်းနီဟာ ၂၀၁၀ခုနှစ်မှာ အသင်းကနေ ထွက်ခွာမယ် လို့ သတင်းကြီးခဲ့သူ ဖြစ်ပြီး အဆိုပါ အချိန်တုန်းက ဖာဂူဆန်သာ သူ့ကို မတားခဲ့ရင် ရွန်းနီကို အခြားအသင်း တစ်သင်းမှာ မြင်တွေ့ရမယ့် အခြေအနေ အထိ ရောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဝိန်းရွန်းနီက ၂၀၁၀ခုနှစ် မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားခဲ့တာဟာ မှန်ကန်ကြောင်းနဲ့ အသင်းရဲ့ ကစားသမားကောင်းတွေကို ရောင်းချပြီး ပြန်လည် အင်အားမဖြည့်တင်းတဲ့ လုပ်ရပ်တွေကြောင့် အသင်းကနေ ထွက်ခွာဖို့ လုပ်ခဲ့တာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ဒါ့အပြင် ရွန်းနီက သူ့အနေနဲ့ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ကာ ကစားဖို့ စိတ်ကူးခဲ့ကြောင်း ဆိုသွားပါတယ်။

Photo Credit: Goal

 

 

ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကာ မက်ဆီနဲ့အတူ တွဲဖက် ကစားဖို့ စဉ်းစားခဲ့ဖူးကြောင်းကို ဝိန်းရွန်းနီ က “ အဲ့ဒီ အချိန်တုန်းက ကျွန်တော့်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ခဲ့တာက ချယ်လ်ဆီးအသင်းနဲ့ မော်ရင်ဟိုပါ။ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ ကလည်း ကျွန်တော့်ကို စောင့်ကြည့် ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က တကယ်တမ်းတော့ ကမ်းလှမ်းမှု မလုပ်ခဲ့ကြပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော် တွေးနေမိတာက စပိန်မှာ သွားပြီး ဘောလုံး ကစားဖို့ပါ။ ကျွန်တော် အရင်ဆုံး တွေးမိတာက ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့တာက ပိုပြီး လက်တွေ့ ဆန်ခဲ့ပါတယ်။ တစ်ရက် ကျွန်တော် ဘာစီလိုနာ အသင်း အတွက် ကစားပေးနေတာကို စိတ်ကူးယဉ် ကြည့်ဖူးပါတယ်။ ဇာဗီ ၊ အင်နီယေစတာ ၊ မက်ဆီ ၊ ဘက်စ်ကွက်တို့နဲ့ တွဲကစားဖို့ပေါ့။ အဲ့ဒီ အချိန်တုန်းက မက်ဆီရဲ့ ကစားပုံဟာ အခုလို မဟုတ်သေးပါဘူး။ သူက False 9 ကစားနေတာလေ။ ဒီတော့ သူနဲ့ ကျွန်တော်သာ တွဲလိုက်ရင် တကယ့်ကို ပြီးပြည့်စုံတဲ့ တိုက်စစ်အတွဲ ဖြစ်လာနိုင်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။